ဘီးလင်းမြို့နယ်တွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်  အခမ်းအနားကျင်းပ

ဘီးလင်း ဩဂုတ် ၂၀

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာအိအိကျော်က အာဟာရဖွံ့ဖြိုးရေးရက် သတ္တပတ်များဖြစ်သည့် မိခင်နို့စနစ်တကျ တိုက်ကျွေးရေး ရက်သတ္တပတ်၊ ငါးနှစ်အောက်နှင့် ကျောင်းနေအရွယ်‌ကလေးများ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ အိုင်အိုဒင်းချို့တဲ့မှု ပပျောက်ရေး ရက်သတ္တပတ်ကို ဆောင်ရွက်ရာ၌ ကျန်းမာရေး ဝန်ထမ်းများ၊ ပူးပေါင်းအဖွဲ့များမှ ထိရောက်အောင်မြင်စွာ ဆောင်ရွက် စေလိုကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန်အတွက် ဉာဏ်စွမ်းရည် ဖွံ့ဖြိုးတိုးတက်သော အနာဂတ် လူချွန်လူကောင်းများ ပေါ်ထွက်စေရန် အခြေခံကျသည့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုထိရောက်အောင် ပူးပေါင်းပါဝင်ပေး စေလိုကြောင်း  တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီးနှင့် တာဝန်ရှိသူများက ကလေးငယ်များအား ဗီတာမင်အေ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရ များ ပံ့ပိုးပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)