ကလော ဩဂုတ် ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပေါင်း၍ ယနေ့နံနက် (၁၀) နာရီက အောင်ပန်းမြို့၊ အကယ်ဒမီကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် အောင်ပန်းမြို့၊ အကယ်ဒမီကိုယ်ပိုင် အထက်တန်းကျောင်းအုပ်ဆရာကြီး ဦးညွှန့်ဝင်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ် က လူငယ်များအား စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ပေါ်ထွက်လာစေရေးနှင့် စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန် လူငယ်ချင်းတစ်ဦးနှင့် တစ်ဦးရင်းနှီးချစ်ခင်စွာ ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းများ ရရှိနိုင်ရန် ၊လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာ၊ အတတ်ပညာများ ဖလှယ်နိုင်စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ပြီး အောင်ပန်းမြို့၊အကယ်ဒမီကိုယ်ပိုင် အထက်တန်းကျောင်းမှ Grade 10 ကျောင်းသူ မခိုင်ဇာလင်းက လူငယ်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -12 ကျောင်းသား မောင်စိုင်းစိုးလင်းထွန်းက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 12 ကျောင်းသူ မဂျူးမီမီ က လူငယ်နှင့်ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 11 ကျောင်းသူ မစန်းစုစုလင်း က လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်နှင့် Grade - 11 ကျောင်းသား မောင်ကောင်းမြတ်သူ က လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ က လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ် နှင့်ပါဝင်ဆွေးနွေးသူများက အသီးသီး ပြန်လည်ဖြေကြားပေးခဲ့သည်။ လူငယ်စကားဝိုင်း သို့ အောင်ပန်းမြို့၊ အကယ်ဒမီကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာ ကြီးနှင့် ဆရာ/ဆရာမများ အပါအဝင် ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)