နေပြည်တော် ကျောင်းကျန်းမာရေးကြီးကြပ်မှုကော်မတီနာယက၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးရက်သတ္တပတ်အကြိုလှုပ်ရှားမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၂၀

နေပြည်တော် ကျောင်းကျန်းမာရေးကြီးကြပ်မှုကော်မတီနာယက၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကျောင်းကျန်းမာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းနိုင်စိုး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာကျော်လွင်နှင့် အဖွဲ့ဝင်များ၊ ကော်မတီအတွင်းရေးမှုး ဒေါက်တာအေးအေးမာ၊ ပျဉ်းမနားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ မြို့မိမြို့ဖများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့နယ် အမှတ်(၂)  အခြေခံပညာအထက်တန်းကျောင်သို့ သွားရောက်၍ ကျောင်းကျန်းမာရေးရက်သတ္တပတ်အကြိုလှုပ်ရှားမှုအခြေအနေများအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကျောင်းကျန်းမာရေးကြီးကြပ်မှုကော်မတီနာယက၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း(ပြည်သူပိုင်)၊ အခြေခံပညာမူလတန်း(လွန်)မြို့မကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(ဥယျာဉ်စု)နှင့် အခြေခံပညာမူလတန်ကျောင်း (သပြေလှ)ကျောင်းများသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

အဆိုပါကျောင်းများစစ်ဆေးမှုတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ယခုမိုးရာသီအချိန်အခါသည် သွေးလွန်တုပ်ကွေးရောဂါများနှင့် ဝမ်းနှင့်ပတ်သက်သော ရောဂါများ အဖြစ်အများဆုံးအချိန်ဖြစ်၍ ကျောင်းအတွင်း မုန့်စျေးဆိုင်တန်းများ၌ တစ်ကိုယ်ရည်သန့်ရှင်းရန်လိုအပ်ကြောင်း၊ အစားအစာများ ကိုင်တွယ်ရောင်းချရာတွင် လက်အိတ်နှင့်ကိုင်တွယ်၍ သက်တမ်းလွန်အစားအစာများ ရောင်းချမှုမရှိစေရန် လိုအပ်ပါကြောင်း၊ ကျောင်းအတွင်း၊ အပြင် သန့်ရှင်းရေးလုပ်ငန်းများ နေ့စဉ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အိမ်သာများလည်း သန့်ရှင်းမှုရှိစေရေး နေ့စဉ်ဆောင်ရွက်ထားရှိရန် လိုအပ်ပါကြောင်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းဆိုသည်မှာ ကျောင်းနေကလေးသူငယ် ကျန်းမာရေးစောင့်ရှောက်မှုပေးရသည့် လုပ်ငန်းဖြစ်ကြောင်း၊ သို့အတွက် ကျောင်းကျန်းမာရေးမှတာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီး၊ အတန်းပိုင်ဆရာ/မများအပါအဝင် ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိ/ရပ်ဖများနှင့် အုပ်ချုပ်ရေးအဖွဲ့များမှ ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးရန်လိုအပ်ကြောင်း  မှာကြားခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)