ဒဂုံတောင် ဩဂုတ် ၂၀
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဌာနဆိုင်ရာများ၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းတို့နှင့်ပူးပေါင်း၍ လူငယ်များဗလငါးတန်ပြည့်စုံပြီး ရရှိပြီးသားဗဟုတများတိုးပွားရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်ပြီး လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခွဲက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၂၂ ရပ်ကွက် ရတနာပုံလမ်းရှိ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ ကျင်းပပြုလုပ်သည်။
လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲတွင် အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်သန်းသန်းအေးက အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ်ချက်ဖြစ်သော လူငယ်များဗလငါးတန်ပြည့်ဝစေရေးအတွက် သုတ၊ ရသစာများဖတ်ရှုရေး လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။
ထို့နောက် မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး စာရေးဆရာသက်ဝေမောင်က နိုင်ငံတော်၏အနာဂတ် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သော လူငယ်များစာရိတ္တကြံ့ခိုင်စေရေးအတွက် လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောဆွေးနွေးရာတွင် မှတ်သားဖွယ်ရာဝတ္ထုအကြောင်းအရာလေးများကို သာဓကပြအသိပညာပေးဟောပြောဆွေးနွေး၍ ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းမေးခွန်းများမေးမြန်းကာ အပြန်အလှန်ဆွေးနွေးကြပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
နေမျိုးအောင်