မက်မန်း ဩဂုတ် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ကွန်ဟောင်းကျေးရွာတွင် ကျေးရွာစာကြည့်တိုက် အဆောက်အအုံသစ် ပန္နက်တင်အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က မက်မန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က “ကျေးရွာစာကြည့်တိုက်သစ် ဆောက်လုပ်နိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရက ပေးပို့လာသော ငွေကျပ်သိန်း(၄၅၀)အား မက်မန်းမြို့နယ်သို့ ပေးပို့ထားပြီးဖြစ်ကြောင်း၊ အဆိုပါငွေဖြင့် ဆောက်လုပ်နိုင်ရေးအတွက် ပန္နက်တင်အခမ်းအနားကို ဩဂုတ်လ(၂၂)ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ရာ ဌာနဆိုင်ရာဝန်ထမ်းများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်နှင့် ကွန်ဟောင်းကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရင်းများ၊ ယဉ်ကျေးမှုအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်စေလိုကြောင်း” ဦးစွာဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က ပန္နက်တင်အခမ်းအနား ပြုလုပ်ရန်အတွက် လိုအပ်သည့်ပစ္စည်းများကို ပြုစုထားရန်လိုအပ်ကြောင်း ပြောကြားခဲ့ရာ ကွန်ဟောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဂျောလေက ပန္နက်တင်အခမ်းအနားအား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကျေးရွာကော်မတီဝင်များဖြင့် ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်အဆင့်ကော်မတီဝင်များကလည်း ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)