မုဒုံ သြဂုတ် ၂၀
မွန်ပြည်နယ် မုဒုံမြို့တွင် မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက အ.ထ.က(ကွေ့ဝမ်း)စာသင်ကျောင်းရှိ နဝရတ်ခန်းမ၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဥ်လှက အဖွင့်အမှာစကားပြောကြားပြီး မုဒုံမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းထွဋ်အောင်က သတင်းအတု၊ သတင်းအမှားအကြောင်း၊ အွန်လိုင်းပေါ်တွင် ဖြစ်ပေါ်နေသည့် မှုခင်းရေးရာများအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အမှတ်(၃၈) မူးယစ်အထူးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအုပ်သင်းထွန်းနိုင်က မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ အန္တရာယ်နှင့်သုံးစွဲခြင်းဖြင့်ရရှိမည့် ဆိုးကျိုးများအကြောင်း၊ မြို့နယ်ဥပဒေရုံးမှ ဒုမြို့နယ်ဥပဒေအရာရှိ ဒေါ်ပန်းပွင့်စံက ဥပဒေအခြေခံအကြောင်းအရာများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ အမျိုးသမီးငယ်များနှင့်သက်ဆိုင်သည့် ရာဇသတ်ကြီးတွင်ပါဝင်သောပုဒ်မများနှင့် ဥပဒေရေးရာဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
အဆိုပါဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့်ကျောင်းသား/သူများ ၂၅၀ ဦး တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေး၍ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)