ပျော်ဘွယ် ဩဂုတ် ၂၀
ပျော်ဘွယ်မြို့နယ်တွင် ဥစားကြက် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် စီးပွားရေးအနေဖြင့် တစ်ဖက်တစ်လမ်းမှ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
တစ်ပိုင်တစ်နိုင် ဥစားကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ဦးမြတ်စံက “ကျွန်တော်အနေနဲ့ မွေးမြူရေးလုပ်ငန်းကို ဝါသနာပါလို့ လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းက ဥစားကြက်ကောင်ရေ (၃၀၀)ခန့် မွေးမြူထားမယ် ဆိုရင် (၅)ယောက်ဝန်းကျင်ရှိတဲ့ မိသားစုအတွက် စားဝတ်နေရေး မပူပင်ရပါဘူး။ ဥစားကြက်တွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကိုတော့ သက်ဆိုင်ရာမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူတွေထံကနေ အကြံဉာဏ်ရယူပြီး ဆောင်ရွက်လျက်ရှိပါတယ်” ဟု ရှင်းပြသည်။
ဥစားကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရာတွင် မွေးမြူရေးခြံတည်ဆောက်ပုံနှင့် မွေးမြူပုံ အဆင့်ဆင့်၊ အစာကျွေးစနစ်၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ် စသည်များကို သိရှိထားရန် လိုအပ်ကြောင်း၊ ထွက်ရှိလာသည့် ကြက်ဥ များကို လက်လီလက်ကားဆိုင်များသို့ ဖြန့်ဖြူးလျက်ရှိသလို ခြံသို့ လာရောက်ဝယ်ယူသူများ ရှိနေခြင်းကြောင့် တစ်ပိုင်တစ်နိုင် ဥစားကြက်မွေးမြူသူများအနေဖြင့် စီးပွားရေးတစ်ဖက်တစ်လမ်းမှ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)