ကျောက်ဖြူ ဩဂုတ်၂၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရန်၊ ကာယဉာဏစွမ်းရည်များဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးထိတွေ့မှုများရှိလာစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန ရုံးဝန်ထမ်းများက ပုံပြင်ဖတ်ပြခြင်းများ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိန်းသိန်းနိုင်က ကျောင်းသား၊ ကျောင်းသူများကို အသိပညာဗဟုသုတများရရှိစေမည့် “လိမ္မာသောငှက်ကလေး” ပုံပြင်နှင့် “သူပျော်တဲ့သူ့နေရာ” ပုံပြင်များကို ဖတ်ပြခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် နားထောင်ကြကာ ကလေးစာဖတ်ခန်းအား ပျော်ရွှင်စွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ကျောင်းသူလေးများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် အွန်လိုင်းမှတဆင့် အသိပညာပေးဆွေးနွေးပွဲ (Talk Show) များပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ နံရံကပ်စာစောင်ပြသပေးခြင်း၊ ကလေးများဉာဏ်ရည်၊ ဉာဏ်သွေးဖွံ့ဖြိုးလာစေရန်အတွက် ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောခြင်း စသည့်အသိပညာပေးများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)