မော်လမြိုင် သြဂုတ် ၂၀
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း (မော်လမြိုင်ဇုန်)နှင့် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်း(မော်လမြိုင်ဇုန်)တို့မှ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အခြေခံအိပ်ခန်းဆောင်ထိန်းသိမ်းရေး သင်တန်းအမှတ်စဉ်(၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ Hotel ks ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနတာဝန်ရှိသူများ၊ မွန်ပြည်နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်းမှဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဟိုတယ်မန်နေဂျာများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသူ/သင်တန်းသားများ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမက ခရီးသွားလုပ်ငန်းဆိုင်ရာအတတ်ပညာများ တိုးတက်ထွန်းကာစေ၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးပွားလာစေရန် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပူးပေါင်းစီစဉ်ကြီးကြပ်ပြီး ယခုလိုသင်တန်းအား ဖွင့်လှစ်ရခြင်းပဲဖြစ်ပါကြောင်း သင်တန်းသူ/သင်တန်းသားများအနေဖြင့် ဒီသင်တန်းကနေသင်ကြားပေးလိုက်တဲ့ အသိပညာဗဟုသုတများကိုစနစ်တကျလေ့လာမှတ်သား ကြိုးစားသင်ယူကြပြီး လက်တွေ့နယ်ပယ်မှာအမှန်တကယ်ပြန်လည်အသုံးချနိုင်အောင် ကြိုးစားအားထုတ်သင်ယူလေ့လာကြပါရန် ပြောကြားခဲ့သည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇေယျာထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် သင်တန်းသား/သူများနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ(၂၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို သြဂုတ်လ (၁၉)ရက်နေ့မှ (၃၁) ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)