ထန်းတပင်မြို့နယ်၌ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ထန်းတပင်(ရန်ကုန်) ဩဂုတ် ၂၀

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ယမန်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တဝရွှေဂူကြီးဘုရားအာရုံခံတန်ဆောင်းတွင် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။
ဦးစွာအခမ်းအနားကို နမေတဿသုံးကြိမ်ရွတ်ဆို၍ဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်များနှင့် ဆရာတော်အရှင်သူမြတ်များက ပုလ္လင်အဖွင့်ဂါတာတော်၊ ရောင်ခြည်တော်ဖွင့်ဂါတာတော်၊ ပဋ္ဌာန်းကျမ်းမြတ်တော်ကို ရှစ်ခိုးပူဇော်ခြင်းနှင့် တိုက်တွန်းနှိုးဆော်လွှာတို့ကို ပူဇော်ဖတ်ကြားခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ဒုဥက္ကဋ္ဌ စိန္တိတာရာမ နိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တစိန္တိတထံမှ အခမ်းအနားသို့တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကာ ပဋ္ဌာန်းကျမ်းမြတ်တရားတော်မြတ်အကြောင်း သိကောင်းစရာများကိုနာယူခဲ့ကြသည်။
ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ ဒုဥက္ကဋ္ဌ စိန္တိတာရာမ နိမ္မိတာရုံကျောင်း ဆရာတော်ဘဒ္ဒန္တစိန္တိတနှင့် ပင့်သံဃာ(၂၂)ပါးတို့က ပဋ္ဌာန်းကျမ်းမြတ်ကိုအလှည့်ကျရွတ်ဖတ်ပူဇော်ခဲ့ကြပြီး အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ဩဂုတ်လ(၁၉)ရက်နေ့မှ ဩဂုတ်လ (၂၄)ရက်နေ့အထိ တဝရွှေဂူကြီးဘုရားအာရုံခံတန်ဆောင်းတွင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)