ကျိုက်ထိုမြို့နယ်တွင် စားသောက်ကုန် ပစ္စည်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ကျိုက်ထို ဩဂုတ် ၂၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စားသောက်ကုန်ပစ္စည်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်း ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ၀န်ထမ်းများနှင့်ပူး‌ပေါင်းအဖွဲ့သည် ကျိုက်ထိုမြို့နယ်အတွင်း၌ စားသောက်ကုန်ပစ္စည်းများရောင်းချလျက်ရှိသော ဆိုင်များအားစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ကုန်ညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ၊ ဘေးအန္တရာယ်ဖြစ်နိုင်ချေ ရှိ/မရှိ၊ ကုန်ညွှန်းအမှတ်အသားမပြည့်စုံမှုနှင့် ကြိုတင်သတိပေးထားခြင်းမရှိသော ကုန်စည်များအား ရောင်းချခြင်းမပြုရန်အသိပညာပေးပြောကြားခဲ့ပါသည်။

ထိုသို့ စျေးကွက်ကွင်းဆင်းသွားရောက်စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းနှင့် ဝန်ထမ်းများ၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်‌/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

ဝင်းမောင်(ကျိုက်ထို)