ပြည်ကြီးတံခွန် ဩဂုတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါ မြို့နယ်ရှိ (ဇ) ရပ် ကွက်၊ ၆၃လမ်း၊ ၁၃၃ လမ်းနှင့် ၁၃၄ လမ်းကြား၊ သာသနာ့ဇောတိကဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အဆိုပါအသိပညာပေး ဟောပြောပွဲတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးသန်းနိုင်က သန်းခေါင်စာရင်းဆိုင်ရာရည်ရွယ်ချက်၊ ကောက်ယူမည့်နည်းလမ်း၊ ကောက်ယူမည့်အိမ်ထောင်စုမေးခွန်းပုံစံနှင့် အဖွဲ့အစည်းမေးခွန်းများအား အကျယ်တဝင့် အသိပညာပေးဟောပြောပြီး တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များမေးမြန်းဆွေးနွေးကြရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးအောင်သွင်က ပြန်လည် ဖြေကြားခဲ့သည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ပြည်သူအားလုံးပါဝင်လို့ သန်းခေါင် စာရင်းကောက်ကြစို့ အသိပညာပေးပိုစတာနှင့် လက်ကမ်းစာစောင်များကို သန်းခေါင်စာရင်းကော်မတီဝင်များက တက်ရောက်လာကြသည့် ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)