မော်လမြိုင် ဩဂုတ် ၂၀
မွန်ပြည်နယ် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ပြည်နယ်အဆင့်အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ သတ်မှတ်ပြီး ဆောင်ရွက်ခြင်းကြောင့် ပြည်သူလူထုကိုယ်တိုင် စိတ်ဝင်တစား ပါဝင်ဆောင်ရွက်လာကာ အာဟာရပြည့်ဝကျန်းမာစေသည့် အသိပညာ၊ အမူအကျင့်များ ပိုမိုကောင်းမွန်မှန်ကန်လာစေပြီး ကလေးငယ်များနှင့် အမျိုးသမီးများ၏ ကျန်းမာရေးနှင့် အာဟာရအခြေအနေလည်း ပိုမိုကောင်းမွန်မြင့်မားလာစေရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အများပြည်သူလူထုအတွင်း အာဟာရပြည့်ဝကျန်းမာအောင် စီမံစားသုံးတတ်စေသည့် အသိပညာ၊ အမူအကျင့်ကောင်းများ ပိုမိုကျယ်ပြန့်စွာ သိရှိလာစေမည်ဖြစ်ကြောင်း၊ အင်အားပြည့် ဗီတာမင်အေ ဆေးလုံးကို အသက်(၆)လမှ ငါးနှစ်အောက် ကလေးငယ်တိုင်းနှင့် နို့တိုက်မိခင်များကို ဆေးတိုက်ကျွေးနိုင်ရန်အတွက် လူထုလှုပ်ရှားမှုအသွင်နှင့် ဆောင်ရွက်ကြရမှာဖြစ်သည့်အပြင် မိခင်နို့တစ်မျိုးတည်း စနစ်တကျ တိုက်ကျွေးနိုင်စေဖို့၊ မိခင်နို့ကောင်းမွန်စွာ တိုက်ကျွေးနိုင်သည့် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးနိုင်ဖို့ လိုသလိုမိခင်နို့တိုက်ကျွေးခြင်း အသိပညာပေးမှုကို မြှင့်တင်ဆောင်ရွက်ဖို့ ဆောင်ရွက်ပေးကြရန်နှင့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှု ဗီဒီယိုပြသခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိများက ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဆေးပြားများနှင့် အာဟာရပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ အသက်(၅)နှစ်အောက် ကလေးများအား အင်အားပြည့်ဗီတာမင်အေဆေးလုံး တိုက်ကျွေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားတွင် ပြခန်းများနှင့် အချက်အပြုတ်ပြိုင်ပွဲအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အတွက် စံပြပုံစံအနေဖြင့် အချက်အပြုတ်ပြိုင်ပွဲတွင် ဆုများရရှိခဲ့ကြသည့် မြို့နယ်နယ်အသီးသီးရှိ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)