မိုင်းဖြတ် သြဂုတ် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများဖြင့်ပြုလုပ်သည် (Youth Club)စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ထုတ် အတွဲ(၂၁)၊ အမှတ် (၁၁) ဒို့ကျေးရွာဂျာနယ်ပါ "စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး စဥ်ဆက်မပြတ်ဆောင်ရွက်ရေး"ခေါင်းစဥ်ပါ အကြောင်းအရာများကို ရှင်းလင်းဖတ်ကြားခဲ့သည်။ ထို့နောက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နန်းကောင်ခမ်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် သုတ၊ ရသစာပေများကို (အခမဲ့) ငှားရမ်းပေးနေသည့်အခြေအနေများနှင့်စပ်လျဥ်း၍ အသိပညာပေး ပြောကြားခဲ့သည်။
ဆက်လက်၍ (Grade-10)ကျောင်းသူ မမေမြတ်နိုးနိုင်က “ယနေ့ခေတ် လူငယ်များ၏ အတွေးအခေါ်ကောင်းများ” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ (Grade-10)ကျောင်းသား မောင်ကျော်ဝင်းစိုးက “လူငယ်နှင့် စာပေ” ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ဖတ်ကြားခဲ့သည့် စာပေပါအကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)