တာချီလိတ် သြဂုတ် ၂၀
ရှမ်းပြည်နယ်(အရှေပိုင်း)တာချီလိတ်မြို့ ဘိုးဘွားရိပ်သာ အစည်းအဝေးခန်းမတွင် ယမန်နေ့ညနေ (၄) နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့နှင့် တာချီလိတ်ရှိဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဘိုးဘွားရိပ်သာ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းကော်မတီဝင်များ၊ အလှူရှင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လိုအပ်ချက်ရှိနေသည့် ပြည်သူလူထုများနှင့် တိုက်ပွဲရှောင်ပြည်သူများကို ထောက်ပံ့လှူဒါန်းပေးရသည့်အတွက် သဒ္ဓါတရားပွားများပါကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ဒေသခံ မြို့မိ၊ မြို့ဖများနှင့် ဘိုးဘွားရိပ်သာကော်မတီဝင်များမှ လိုအပ်ချက်များ တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် အကြမ်းဖက်မှုဖြစ်စဥ်များကြောင့် ထိခိုက်ပျက်စီးခဲ့သော ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဆောင်ရွက်ရန်အတွက် ပါဝင်လှူဒါန်းပေးခဲ့သော အလှူရှင်များ၊ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ပေးရန်အတွက် ပါဝင်လှူဒါန်းပေးခဲ့သော အလှူရှင်များ၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချီးမြှင့်ဂုဏ်ပြုငွေပေးအပ်ခဲ့သည့် တာချီလိတ်မြို့ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ၊ ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် စာအုပ်စာစောင်များ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရေး စာကြည့်တိုက်များ ဆောက်လုပ်ရန် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများက ပေးအပ်ခဲ့ကြရာ အလှူရှင်အသီးသီးမှ လက်ခံရယူကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိဂုံးချုပ်စကားပြောကြားပြီး ဘိုးဘွားရိပ်သာအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က အလှူငွေကျပ်သိန်း(၁၀၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပေးအပ်ရာ တာချီလိတ် ဘိုးဘွားရိပ်သာကော်မတီအဖွဲ့ဝင်များမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အဘိုးဆောင်နှင့် အဘွားဆောင်တို့ကို လှည့်လည်ကြည့်ရှု၍ ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ တာချီလိတ် ဘိုးဘွားရိပ်သာတွင် အဘိုး (၁၁) ဦး၊ အဘွား (၁၂) ဦး စုစုပေါင်း (၂၃) ဦး ရှိကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တာချီလိတ် ပရဟိတဂေဟာသို့ သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူများကို အားပေးစကားပြောကြားခဲ့ကြောင်းနှင့် အဆိုပါ တာချီလိတ် ပရဟိတဂေဟာတွင် ကျောင်းသား (၂၆) ဦး၊ ကျောင်းသူ (၂၇) ဦး၊ စုစုပေါင်း (၅၃) ဦးရှိကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (ဆန်ဆိုင်း) သို့သွားရောက်၍ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ တင်ပြချက်အရ ပြုပြင်ထိန်းသိမ်းရေးကိစ္စရပ်များကို သက်ဆိုင်ရာပညာရေးဌာနနှင့် ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ လိုအပ်ချက်များရှိပါက တင်ပြပေးကြရန်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်းနှင့် အထက်သို့ တင်ပြစရာများရှိပါက တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး ကျောင်းဝန်းအတွင်း မိုးရွာသွန်းမှုကြောင့် ရေဝင်နေမှုကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)