မိုင်းပျဉ်းမြို့ လူထုအခြေပြုခန်းမ၌ လူငယ်စကားဝိုင်းကျင်းပ

မိုင်းပျဉ်း သြဂုတ် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် Youth Club တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက အဖွင့်အမှာစကားနှင့် လူငယ်စကားဝိုင်းကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက အင်တာနက်အကြောင်း အသုံးဝင်ပုံများ၊ ကောင်းကျိုး၊ ဆိုးကျိုးများနှင့် အားကစားနှင့်ကာယာပညာဦးစီးဌာနမှ အားကစားမှူး ဦးအောင်မျိုးသူက အင်တာနက်ဖြင့်အသုံးပြုနိုင်သော “Software” များနှင့် အသုံးပြုပုံများအကြောင်းတို့ဖြင့် ဦးဆောင်၍ လူငယ်စကားဝိုင်း ဆွေးနွေးဆောင်ရွက်ကြပြီး၊ Grade-12 ကျောင်းသူ မနာလားက “Tiktok” အသုံးပြုခြင်းမှရရှိနိုင်သော ဗဟုသုတနှင့် ကောင်းကျိုးအပြစ်များ၊ Grade-12 ကျောင်းသူ မနာတော်က  “Facebook, Messenger” သုံးခြင်း၏ ရရှိနိုင်သော အသိပညာပေဗဟုသုတနှင့် အကျိုးအပြစ်များအကြောင်း စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကြရာ တက်ရောက်လာကြသော Youth Club အဖွဲ့မှ ကျောင်းသူလေးများက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကြပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် အားကစားနှင့်ကာယာပညာဦးစီးဌာနမှ အားကစားမှူးတို့က ခေါင်းစဉ်တခုချင်းအလိုက် ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ Youth Club မှ ကျောင်းသူလေးများ၊ အားကစားနှင့်ကာယာပညာဦးစီးဌာနမှ အားကစားမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စာဖတ်ဝါသနာပါသူများ စုံလင်စွာတက်ရောက်ကြပြီး အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသဆောင်ရွက်ထားရှိသော စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နန်းသန္တာဦး(ပြန်/ဆက်)