နေပြည်တော် ဩဂုတ် ၂၀
နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ နေပြည်တော် MSME အေဂျင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော် MSME အေဂျင်စီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော် MSME အေဂျင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားရာတွင် MSME လုပ်ငန်းကော်မတီအစည်းအဝေးတွင် ပြည်တွင်းနှင့်ပြည်ပ ဈေးကွက်သုတေသနလုပ်ငန်းဖွံ့ဖြိုးရေး အားပေးရန်လိုအပ်ခြင်း အဆိုပါလုပ်ငန်းအဖွဲ့က ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် သတ်မှတ်ပေးထားသည့် ONE REGION ONE PRODUCT ထုတ်ကုန်ပစ္စည်းများနှင့် လက်ရှိ EXPORT နှင့် IMPORT ကုန်ပစ္စည်းများအပေါ်တို့တွင် စဉ်ဆက်မပြတ် ဈေးကွက်သုတေသနပြုလျက် တက်/ကျဈေးနှုန်းအပေါ် လက်ရှိဈေးနှုန်းများ၊ ဖြစ်ပေါ်လာနိုင်မည့် ဈေးနှုန်းခန့်မှန်းချက်များနှင့်တကွ သတင်းအချက်အလက်များကို MSME WEBSITE မှတစ်ဆင့် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်မည့်အစီအစဉ်များ၊ ONE REGION ONE PRODUCT ထုတ်ကုန်ပစ္စည်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၌ ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲ/ပြိုင်ပွဲနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များ၊ MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေခံမူဘောင်များနှင့်စပ်လျဉ်း၍ ဌာနအလိုက်သုံးသပ်အကြံပြုချက်များ၊ MSME ဖွံ့ဖြိုးတိုးတက်ရေး လက်ရှိဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များ ဆောင်ရွက်မှုအခြေအနေများကို အသေးစိတ်ဆွေးနွေးပေးစေလိုကြောင်း မှာကြားခဲ့ပါသည်။
ထို့နောက် နေပြည်တော် MSME အေဂျင်စီအတွင်းရေးမှူး နေပြည်တော်စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဦးက MSME လုပ်ငန်းကော်မတီ(၁/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲအခြေအနေများ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲကျင်းပနိုင်ရေးတို့အားလည်းကောင်း၊ နေပြည်တော် MSME အေဂျင်စီ တွဲဖက်အတွင်းရေးမှူး နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စိုးမမဌေးက MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော် MSME အေဂျင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)