ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာ၌ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း စာအောင်ဆုနှင်းသဘင်အခမ်းအနား ကျင်းပ

ညောင်ရွှေ ဩဂုတ် ၂၀

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအုပ်စု ဘုန်းတော်ကြီးများဦးဆောင်ဖွင့်လှစ်သင်ကြားပိုချသော ဧကာဒသမအကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း စာအောင်ဆုနှင်းသဘင်အခမ်းအနားကိုယမန်နေ့ နံနက်(၈)နာရီက မိုင်းသောက်ပထမစာသင်တိုက် အောင်ရတနာဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတက်ရောက်လာသူများက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ကြပြီး နိုင်ငံတော်ဩဝါဒါစာရိယ၊ မိုင်းသောက်ဆရာတော် ဘုရားကြီးထံမှ သရဏဂုံနှင့် ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက ဝမ်းမြောက်ကြောင်း တင်ပြလျှောက်ထားခြင်းနှင့် သာသနာရေးဆိုင်ရာများကို တင်ပြလျှောက်ထားခဲ့ပြီး မြို့နယ်သာသနာရေးမှူးနှင့် မြို့နယ်သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌတို့က သာသနာရေးဆိုင်ရာများ တင်ပြလျှောက်ထားကြသည်။

ယင်းနောက် နိုင်ငံတော်ဩဝါဒါစာရိယ၊ မိုင်းသောက်ဆရာတော်ဘုရားကြီးက ဩဝါဒကထာမြွက်ကြားပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွင် အောင်မြင်ခဲ့ကြသူများအား စာအောင်ဆုနှင် ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် တက်ရောက်လာသူများက ဗုဒ္ဓသာသနံစိရိတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ