မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားနှင့် သမိုင်းဝင်ဆံတော်ရှင်ကျိုက်သလ္လံ စေတီတော်မြတ်ကြီးတွင် အနုဂါမိက (ရွှေအိုး) မြှုပ်နှံလှူဒါန်းခြင်းမင်္ဂလာ အခမ်းအနား တက်ရောက်

မော်လမြိုင် ဩဂုတ် ၁၉

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့အထိမ်းအမှတ် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)မှ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က စုပေါင်းသွေးလှူဒါန်းပေးကြသည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)အသင်းဝင်များအား မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်ကြီးများ၊ သူနာပြု ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများမှ သွေးလှူဒါန်းကြသူများကို ကိုယ်အလေးချိန်နှင့် သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် စုပေါင်းသွေးလှူဒါန်းခြင်းအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသွေးလှူဒါန်းပေးခဲ့ကြသူများကို အားဆေးများ၊ ကြက်ဥနှင့်အဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများက ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့အထိမ်းအမှတ် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ စုပေါင်းသွေးလှူဒါန်းပေးခြင်းအပေါ် ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ခဲ့ကာ စုပေါင်းသွေးလှူဒါန်းပေးခဲ့ကြသူများကို ရင်းရင်းနှီးနှီး လိုက်လံအားပေးစကားပြောကြားခဲ့သည်။

ဆင်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့သမိုင်းဝင်ဆံတော်ရှင် ကျိုက်သလ္လံစေတီတော်မြတ်ကြီးတွင် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အနုဂါမိက(ရွှေအိုး) မြှုပ်နှံလှူဒါန်းခြင်း မင်္ဂလာအခမ်းအနားသို့ တက်ရောက်ပြီး ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့သမိုင်းဝင်ဆံတော်ရှင် ကျိုက်သလ္လံစေတီတော်မြတ်ကြီးကို ဖူးမြှော်ကြည်ညိုခဲ့သည်။

ထို့နောက် သီရိမင်္ဂလာပဋ္ဌာန်းဓမ္မာရုံ၌ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အနုဂါမိက (ရွှေအိုး) မြှုပ်နှံလှူဒါန်းခြင်း မင်္ဂလာအခမ်းအနား၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး ပြည်နယ်ဝန်ကြီးများနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည်များ၊ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည်များနှင့် အလှူရှင်များက အနုဂါမိက(ရွှေအိုး) မြှုပ်နှံလှူဒါန်းခဲ့ကြသည်။

အဆိုပါ အနုဂါမိက(ရွှေအိုး)မြှုပ်နှံလှူဒါန်းခြင်းကို မော်လမြိုင်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း(၂၀၅)ကျောင်းအတွက် လှူဒါန်းငွေ ကျပ်သိန်း(၅၄၀)ခန့်ကို စာရေးတံမဲနှိုက်၍ အလှူရှင်များက စုပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း၊ ရှေးအစဉ်အလာ မွန်ဘိုးဘွားများ နှစ်စဉ် ကျင်းပလှူဒါန်းခဲ့သော အနုဂါမိက(ရွှေအိုး)မြှုပ်နှံလှူဒါန်းခြင်းကို သမိုင်းဝင်ဆံတော်ရှင် ကျိုက်သလ္လံစေတီတော်မြတ်ကြီးတွင် ကျင်းပခဲ့သည်မှာ (၁၃၁)ကြိမ်မြောက်ရှိပြီးဖြစ်ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)