ချီဖွေမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ချီဖွေ ဩဂုတ် ၁၉

ချီဖွေမြို့နယ်၊ ရစ်လော်ခေါင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ ‌ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို သြဂုတ် ၁၆ ရက် နံနက် ၁၁ နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ချီဖွေမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလင်းထူးက မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းသိကောင်းစရာများကို ဆွေးနွေးဟောပြောပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဂွါဇာလေးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့်စပ်လျဉ်း၍ ကျောင်းသား/ ကျောင်းသူများအနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံနှင့်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်လာကြရမည်ဖြစ်ပြီး နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာအတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ ကျောင်းစာပညာ ရပ်များအပြင် ဘဝတိုးတက်ရေးအတွက် စာဖတ်ကြရန်လိုကြောင်း၊ စာဖတ်ခြင်းဖြင့် အသိပညာ မြင့်မားလာမှသာ ဗလငါးတန်ဖွံ့ဖြိုးပြီး လူငယ်တို့၏ အနာဂတ်ဘဝ ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း ဆွေးနွေးဟောပြော‌သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတ၊ အသိပညာများရရှိစေရန် သုတ/ရသစာအုပ်စာစောင်များပြသပြီး စာအုပ်စာစောင်များကို ငှားရမ်းပေးခဲ့ ကြောင်း သိရှိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ချီဖွေမြို့နယ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလင်းထူးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဂွါဇာလေးနှင့် ကျောင်းဆရာ/ ဆရာမများ ကျောင်းသား/ကျောင်းသူ (၁၀၀) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)