ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ အဋ္ဌမအကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစာမေးပွဲ စာအောင်ဆုချီးမြှင့်ပေးအပ်ပွဲ ကျင်းပ

ရမည်းသင်း ဩဂုတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် သံဃာတော်များ စုပေါင်း၍ ကြီးမှူးကျင်းပသည့် ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ အဋ္ဌမအကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစာမေးပွဲ စာအောင်ဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက သီလဝခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာသည့်ဆရာတော်၊ သံဃာတော်များ၊ ဆရာ၊ ဆရာမများ၊ အလှူရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများက နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ပုတီကုန်းဆရာတော်ဘဒ္ဒကုမာရနှင့်ယဉ်ကျေးလိမ္မာစာမေးပွဲဖြစ်မြောက်ရေးနာယက ရေလည်ကျောင်းဆရာတော် ဘဒ္ဒန္တသောဘနဆရာတော်တို့က ဩဝါဒချီးမြှင့်ပြီး ယဉ်ကျေးလိမ္မာစာမေးပွဲ အမှတ်အများဆုံး ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးကို စာအောင်လက်မှတ်နှင့် စာအောင်ဆုတို့ကို မြို့နယ်သံဃာနာယက ဆရာကြီးများက ပေးအပ်ပြီး အလှူရှင်များမှ စက်ဘီးပေးအပ်ချီးမြှင့်ခဲ့ကြရာ ဆရာတော်ကြီးများမှ အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ယဉ်ကျေးလိမ္မာစာမေးပွဲကြီးကြပ်ရေး ဆရာ၊ ဆရာများအား အမှတ်တရလက်ဆောင်ပစ္စည်းများကို ပေးအပ်ပြီး အဋ္ဌမအကြိမ် ယဉ်ကျေးလိမ္မာစာမေးပွဲ အောင်မြင်ခဲ့ကြသည့် ကျောင်းသူများအား စာအောင်လက်မှတ်နှင့် စာအောင်ဆုများ ချီးမြှင့်ပေးအပ်ကာ မြို့မအ.ထ.ကကျောင်း၊ ကမ္မကျေးရွာ၊ ကျီစုကျေးရွာနှင့် နွားကူးကျေးရွာတို့မှ ကျောင်းသား၊ ကျောင်းသူများမှ သီချင်းများဖြင့် ဖျော်ဖြေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနာ စိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၌ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစာမေး‌ပွဲ အဋ္ဌမအကြိမ်မြောက်ဖြေဆိုရာတွင် မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာ(၉) ရွာမှ စာဖြေဌာန(၄)ခု၌  ရှင်သာမနေများ၊ သီလရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀၂၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ဂုဏ်ထူးဖြင့်အောင်မြင်သူ(၅၈၁)ဦး၊ ရိုးရိုးအောင်မြင်သူ(၇၇၇)ဦး၊ စုစုပေါင်း(၁၃၅၈)ဦး အောင်မြင်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)