မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့်မယ်လမုစေတီတော်၌ (၅၄)ကြိမ်မြောက် ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့ ကျင်းပ

မြောက်ဥက္ကလာပ ဩဂုတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဆုတောင်းပြည့် မယ်လမုစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့အခမ်းနားကို ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်၌ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ပူဇော်ခဲ့ကြသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဆုတောင်းပြည့်မယ်လမုစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌသုဓမ္မမဏိဇောတဓရသနာပြုဘွဲ့တံဆိပ်ရ ဦးလှကြည်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက်မေတ္တာအခါတော်နေ့ဖြစ်ပေါ်လာပုံအကြောင်းစုံကို တွဲဖက်အတွင်းရေးမှူး ဦးသန်းကျော်မှ ရှင်းလင်းပြောကြားပြီး အခမ်းနားသို့တက်ရောက်လာကြကုန်သော ဓမ္မမိတ်ဆွေအပေါင်းတို့က စုပေါင်းမေတ္တာပွားများခဲ့ကြသည်။

ဆက်လက်၍ မေတ္တာအခါတော်နေ့ နိဂုံးချုပ်အမှာစကားကို ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်အေးမှပြောကြားပြီး အခမ်းအနားတက်ရောက်လာကြသူများက ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ဆုတောင်းအမျှဝေပေးပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ (၅၄)ကြိမ်မြောက်ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့အခမ်းနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

မြမြဝင်း(ပြန်/ဆက်)