နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇမ္ဗူသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၁၉

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၄၀) အခြေခံပညာမူလတန်းလွန်ကျောင်း(လက်ပံခါးလှ)ကျောင်း၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ရန်ပုံငွေဖြင့် ၇၀ ပေ × ၃၀ ပေ RC နှစ်ထပ်ကျောင်းဆောင် တည်ဆောက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးရေး၊ အရည်အသွေးကောင်းမွန်သည့်ပစ္စည်းများအသုံးပြုရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာ ကွင်းအမှတ်(၁၆၅၉)တွင် နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ ခြောက်တန်းသွားကောက်စိုက်စက်ဖြင့် မိုးစပါး ၉၀ ဧက စိုက်ပျိုးနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စပါးအပါအဝင် သီးနှံများအားလုံး ပန်းတိုင်အထွက်နှုန်းများရရှိရေး၊ သွင်းအားစုများကို စနစ်တကျထည့်သွင်းနိုင်ရေး၊ စိုက်ပျိုးရေကို အလေအလွင့်မရှိစေရေး၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာဆောင်ရွက်နိုင်ရေး၊ သတ်မှတ်နေရာများ အလိုက်သီးနှံပုံစံများ စနစ်တကျရေးဆွဲဆောင်ရွက်ရေးတို့ကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်လာစေရေးတို့ကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ တောင်သူများအနေဖြင့် တစ်ပိုင်တစ်နိုင် သဘာဝမြေဩဇာများပြုလုပ်ပြီး မိမိလယ်ယာမြေများတွင် လက်တွေ့ကျကျအကျိုးရှိစွာသုံးစွဲနိုင်ရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ လယ်ယာသုံးစက်ကိရိယာများ စက်စွမ်းအားပြည့်ဖြင့် လယ်ယာမြေများတွင် စိုက်ပျိုးပေးနိုင်ရေးကို အလေးထားဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ မြို့နယ်သံဃနာယကအဖွဲ့ အဖွဲ့ဝင် နန်းဦးကျောင်းတိုက် ပဓာနနာယက ဆရာတော်ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဥဇ္ဇောတမထေရ်မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုကာ ဆရာတော်ထံမှ ကိုးပါးသီးလခံယူဆောက်တည်ကြပြီး ဝါတွင်းကာလ ဝါဆို၊ ဝါကပ်ကြမည့် သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများကို  ဆက်ကပ်လှူဒါန်းကာ အနုမောဒနာတရားနာကြားပြီး ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ ကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် နေပြည်တော်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နေပြည်တော်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများတွင် စာရင်းကောက်ယူမည့် စာရင်းစစ်၊ စာရင်းကောက်များက သန်းခေါင်စာရင်းမေးခွန်းပါအကြောင်းအရာများကို ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန် ကောက်ယူနိုင်မှသာလျှင် အရည်အသွေးကောင်းမွန်ပြီး တိကျသည့် သန်းခေါင်စာရင်းများ ဖြစ်လာမှာဖြစ်ကြောင်း၊ ယခုသင်တန်းကို သင်တန်းကာလ ၁၀ ရက် ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး သင်တန်းမှ လေ့ကျင့်သင်ကြားပေးမှုများကို သင်တန်းသား/ သင်တန်းသူများအနေဖြင့် သေချာစွာ လေ့လာမှတ်သားပြီး ခရိုင်/မြို့နယ် အဆင့်များတွင်နည်းပြအဖြစ် ပြန်လည်သင်ကြားပို့ချသည့်အခါတွင် မခြွင်းမချန်ထိထိရောက်ရောက် ပြန်လည်လေ့ကျင့်သင်ကြားပေးစေလိုကြောင်း၊ သင်တန်းမှ ဆွေးနွေးပို့ချချက်များနှင့် မိမိတို့၏အတွေ့အကြုံများ ပေါင်းစပ်ပြီး မြေပြင်အခြေအနေနှင့်ကိုက်ညီအောင်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများချမှတ်ရန်အတွကအရေးကြီးသော လူဦးရေနှင့်လူမှုစီးပွားဆိုင်ရာ အချက်အလက်များရရှိနိုင်မည့် စီမံကိန်းလုပ်ငန်းဖြစ်သောကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် မိမိတို့အားပေးအပ်သည့်တာဝန်များကို အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှု အရည်အသွေး၊ စိတ်စေတနာကောင်းများဖြင့်ပေါင်းစပ်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကိုအောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက် တင်ပြကြသည်။

ယင်းနောက် နေပြည်တော်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူး ဦးအောင်ခိုင်ဆွေက နည်းပြသင်တန်း ဖွင့်လှစ်မည့်အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယခုဖွင့်လှစ်သည့် သန်းခေါင်စာရင်းဆိုင်ရာ နေပြည်တော်အဆင့် နည်းပြသင်တန်းကို သင်တန်းသား/ သင်တန်းသူ ၃၆ ဦးဖြင့် သင်တန်းကာလ ၁၀ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)