ပျော်ဘွယ် ဩဂုတ် ၁၉
ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းဝင်များနှင့် စာပေဝါသနာရှင်များစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး အသင်းဝင်များနှင့် စာပေဝါသနာရှင် များက စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်မှ အကြောင်းအရာကိုဖတ်ရှုကာ မိမိတို့၏အတွေးအမြင်များကို အပြန်အလှန် ဆွေးနွေးကြသည်။
စာပေဝါသနာရှင်များက ယခုစာအုပ်တွင် စာရေးဆရာသည် ပညာရေးကဏ္ဍဖြစ်သည့် ပညာပေးသူ မိဘဆရာများနှင့် ပညာသင်ယူသူ ကျောင်းသား၊ ကျောင်းသူများအပေါ် ရည်ရွယ်ထားပါကြောင်း၊ ငယ်ရွယ်စဉ် စတင်သင်ကြားပေးသူသည် မိဘများပင်ဖြစ်ပါကြောင်း၊ ထိုမှတဆင့် ကျောင်းနေအရွယ်ရောက်ပြီး ပညာသင်ယူစဉ်ကာလတစ်လျှောက် ဆရာများက ပညာရေးတွင်သာမက အတီးအမှုတ်၊ အကအခုန်၊ စွမ်းရည်ဆိုင်ရာသင်ခန်းစာများ စသည်တို့ကို သင်ကြားပေးသည်သာမက သင်ယူသူကျောင်းသား၊ ကျောင်းသူများကလည်း မိမိတတ်စွမ်းသည့်နေရာမှ ပါဝင်ဆောင်ရွက်ခဲ့ရမှုအကြောင်းအရာများကို ရေးသားထားသည့်အတွက် လူငယ်တိုင်းဖတ်သင့်သည့် စာအုပ်ကောင်းဖြစ်ကြောင်းတို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
မင်းမင်းထွေး(ပျော်ဘွယ်)