ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး ပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်

ကျိုင်းတုံ ဩဂုတ် ၁၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအတွက် ပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျိုင်းတုံပညာရေးဒီဂရီကောလိပ်တွင် ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ကျော်နိုင်စိုးက အမှာစကားပြောကြားပြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး ပြည်နယ်အဆင့် နည်းပြသင်တန်းသို့ တက်ရောက်လာသည့် သင်တန်းနည်းပြ၊ သင်တန်းမှူး၊ သင်တန်းအထောက်အကူပြုအဖွဲ့များက တစ်ဦးချင်း မိတ်ဆက်ကြသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး (ကျိုင်းတုံ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မြတ်သာက သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်လာသူများအား သန်းခေါင်စာရင်းအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

သင်တန်းသို့ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ ၆၁ ဦး တက်ရောက်ပြီး ဩဂုတ် ၁၈ ရက်မှ ၃၀ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)