ကျောက်ဆည် ဩဂုတ် ၁၉
ကျောက်ဆည်မြို့နယ်၌ နှမ်းဈေးကောင်းသဖြင့် နှမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်းနှင့် ကာလပေါက်ဈေးမှာ နှမ်းနက်တစ်တင်းလျှင် ငွေကျပ်တစ်သိန်းသုံးသောင်းငါးထောင်ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် ငွေကျပ်(၁၅)သိန်း ရောင်းချရကြောင်း အထွက်နှုန်းကောင်းမွန်ပြီး ရောင်းချရာ၌ ဈေးကောင်းရသဖြင့် နှမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သပြေဝန်းကျေးရွာမှ နှမ်းစိုက်တောင်သူဦးညွှန်ဝင်းထံမှ သိရသည်။
နှမ်းတစ်ဧကစိုက်မည်ဆိုလျှင် မိရိုးဖလာ ပက်ကျဲစနစ်၊ တန်းဆွဲစနစ်၊ ဘောင်ကြီးတင်စနစ် စသည့် စိုက်ပျိုးသည့်နည်းစနစ်များအလိုက် (၁)ဧကမျိုးစေ့ နို့ဆီဗူး(၆)ဗူးမှ (၂)ပြည်အထိ အမျိုးမျိုးအသုံးပြုရကြောင်း၊ ယခုနှစ်တွင် ရာသီဥတုကောင်းမွန်ပြီး စိုက်ပျိုးရေရရှိသောကြောင့် နှမ်းစိုက်တောင်သူများ အပင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်ကြောင်း၊ ပတ်ကျဲစနစ်ဖြင့် စိုက်ပျိုးမည်ဆိုပါက တစ်ဧက ငွေကျပ်(၃)သိန်းခန့်ကုန်ကျပြီး သိပ္ပံနည်းကျဘောင်နှင့်စိုက်ပျိုးမည်ဆိုပါက ငွေကျပ်(၄)သိန်းကျော် ကုန်ကျကြောင်း သိရသည်။
နှမ်းရိတ်သိမ်းရာတွင်လည်း လှဲနှမ်းနှင့် ထောင်နှမ်းဟူ၍ (၂)မျိုးရှိကြောင်း၊ ထောင်နှမ်းသည် နှမ်းပင်များအား ရိတ်ပြီး စုစည်းကာ တစ်စည်းနှင့်တစ်စည်း ဖိုခနှောက်ဆိုင်နေရောင်ခြည်အောက်တွင် ထောင်၍ထားပြီး အခြောက်လှန်ကာ မျိုးစေ့ထုတ်ယူခြင်းမျိုးဖြစ်ပြီး လှဲနှမ်းသည် မြေတလင်းပြင်(သို့မဟုတ်) ညီညာသည့်မြေပြင်တွင် မိုးကာခင်းပြီး နှမ်းပင်များ ဖြန့်ကျဲပြီး အခြောက်လှန်ကာ မျိုးစေ့ထုတ်ယူသောနည်းဖြစ်ကြောင်းနှင့် လှဲနှမ်း(တလင်းနှမ်း)သည် မျိုးစေ့သန့်ရှင်းမှုနည်းပါးပြီး ထောင်နှမ်းသည် မျိုးစေ့သန့်ရှိသည့်အတွက် ရောင်းချရာတွင် ထောင်နှမ်းသည့် ဈေးပို၍ရရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်မှ တောင်သူများအနေဖြင့် နှမ်းများစိုက်ပျိုးရာ၌ ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်း ကောင်းမွန်သည့် ဆင်းရတနာ(၄)၊ ဆင်းရတနာ(၁၂)နှမ်းဖြူမျိုးနှင့် မကွေးနှမ်းနက်(၁/၁၃) နှမ်းမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်းနှင့် နှမ်းသီးနှံများအောင်မြင်ရေး ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများကတောင်သူများနှင့်ပူးပေါင်း၍ မျိုးရွေးချယ်နည်း၊ မြေပြင်စိုက်ပျိုးနည်း၊ ရိတ်သိမ်းသိုလှောင်နည်းများကို စနစ်တကျကူညီပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)