ကျောက်ဆည် ဩဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ကျီးပြကျေးရွာတွင် ကန်စွန်းရွက်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်းနှင့် ကျေးရွာပြည်သူများအနေဖြင့် ယာမြေနှင့ကိုင်းကျွန်းမြေများတွင် နေ့စဉ်ဝင်ငွေရရှိသော ဆူးပုတ်၊ ချဉ်ပေါင်၊ ကြက်သွန်မိတ်၊ ပင်စိမ်း၊ ဆလပ်၊ ဘူး၊ ငရုပ်၊ ကြက်ဟင်းခါး၊ တိုင်ထောင်ပဲတောင့်ရှည်၊ ခရမ်းစသည့်ကာလတို ကုန်စိမ်းသီးနှံများလည်း စိုက်ပျိုးကြကြောင်း သိရသည်။
ကန်းစွန်းရွက်သီးနှံများ စိုက်ပျိုးရာတွင် အပင်ကျဲ စိုက်ပျိုးခြင်းနှင့် အစိပ်စိုက်ပျိုးခြင်းဟူ၍ (၂)မျိုးရှိကြောင်း၊ အကျဲစိုက်ပျိုးပါ (၁)ဧက မျိုးစေ့အထုပ်(၂၀)အသုံးပြုရပြီး အစိပ်စိုက်ပျိုးမည်ဆိုပါက မျိုးစေ့အထုပ်(၄၀)ထုပ် အသုံးပြုရကြောင်း၊ ရေကြိုက်နှစ်သက်သည့်အတွက် မြေဘောင်များပြုလုပ်၍ တစ်ကျင်းနှင့်တစ်ကျင်း (၅)လက်မခန့်ခြားပြီး မျိုးစေ့(၂)စေ့မှ(၃)စေ့ကခန့် ပင်ကြားတန်းကြားညီညီ အတန်းလိုက်စိုက်ပျိုးရကြောင်း၊ မြေခံအဖြစ် သဘာဝမြေဩဇာနွားချေးများ ထည့်သွင်းကာ မြေပြင်စိုက်ပျိုးပြီးအစိုဓာတ်မပြတ် အရေသွင်းပေးပါက အပင်များပိုမိုဖြစ်ထွန်းကြောင်း ကျီးပြကျေးရွာမှ ကန်စွန်းစိုက်တောင်သူ ဦးမြင့်မောင်က ပြောပြသည်။
ကန်စွန်းသီးနှံသည် စိုက်ပျိုးပြီးရက်ပေါင်း(၄၀)ကျော်တွင် စတင်ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ ရောင်းချရာတွင် ကန်စွန်းအညွှန့်သန်မာမှုအပေါ်မူတည်ပြီး အညွန့်(၅)ညွန့်မှ(၈)ညွန့်အထိ အစည်းများစည်းပြီးရောင်းချကြောင်း၊ ကန်စွန်းတစ်(၁)ဧကစိုက်ပျိုးမည်ဆိုပါက မြေအမျိုးအစားအပေါ်မူတည်၍ ငွေကျပ် (၃)သိန်းခွဲမှ ငွေကျပ်(၄)သိန်းကျော် ကုန်ကျစရိတ်ရှိကြောင်း ရောင်းချရာတွင် နေစဉ်ခူးဆွတ်ရောင်းချရ သဖြင့် တောင်သူများအနေဖြင့် စိုက်ပျိုးသင့်သောသီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)