မိုးနဲမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေများမြင့်တက်ပြီး နေအိမ်အချို့နှင့် လယ်ကွင်းများအတွင်း ရေဝင်ရောက်မှုဖြစ်ပွား

မိုးနဲ ဩဂုတ် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ဩဂုတ်လ (၁၃) ရက်နေ့မှ (၁၆) ရက်နေ့အထိ မိုးများ အဆက်မပြတ်ရွာသွန်းမှုများကြောင့် နမ့်တွမ်ချောင်း၊ နမ့်စလိုင်ချောင်း၊ နမ့်မယ်မှန်းချောင်းတို့မှရေများ မြင့်တက်ခဲ့ပြီး မြို့၏အနိမ့်ပိုင်းရှိ လူနေအိမ်နှင့် ရေချောင်းပတ်ဝန်းကျင် မြေနိမ့်ပိုင်းလယ်ကွင်းများအတွင်းသို့ ရေဝင်ရောက်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ချောင်းရေမြင့်တက်မှုကြောင့်  အောင်သပြေရွာ၊ နာဟောင်ရပ်ကွက်၊ နောင်ကျော့ရပ်ကွက်၊ ပေါ့မိုင်းရပ်ကွက်၊ နောင်ခမ်း/နောင်မြိုင်းစသည့် အနိမ့်ပိုင်းနေရာရှိ လူနေအိမ်အချို့နှင့် မိုက်ဟိုင်းကျေးရွာအုပ်စု၊ နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၊ နောင်မြိုင်းကျေးရွာအုပ်စု၊ ဝမ်ဟေကျေးရွာအုပ်စုတို့ရှိ အနိမ့်ပိုင်းလယ်ကွင်းများအတွင်းသို့ ဩဂုတ်လ (၁၈) ရက်နေ့အထိ လယ်ဧကစုစုပေါင်း (၁၁၄၇) ဒသမ (၈၁) ဧကတို့မှာ ရေနစ်မြုပ်လျက်ရှိကြောင်းနှင့် ချောင်းရေ မြင့်တက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေး၊ မြို့နယ်မြေစာရင်းနှင့် မြို့နယ်ဆည်မြောင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုလျက်ရှိပြီး လိုအပ်သောကူညီမှုများကို မြို့နယ်မီးသတ်တပ်ဖွဲ့က ဆောင်ရွက်ပေးလျက်ရှိကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

မြို့နယ်(ပြန်/ဆက်)