တန့်ယန်း ဩဂုတ် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ အတွေ့အကြုံဗဟုသုတရရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးကျောင်း ကျောင်းအုပ်ဆရာကြီး ဦးသီဟဖြိုးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းအိအိဖြူက လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးကျောင်း Grade-9 မှ မောင်ကျော်မျိုးအောင်၊ Grade-10 မှ မိုင်းဆန်းထက်တည်၊ မနန်းဝါဝါအောင်၊ Grade-11 မှ မဝါဝါဝင်းရွှေနှင့် Grade-12 မှ မလွေးအိပိန်တို့က “ပြည်သူ့နီတိ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားကြရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ကြသည့် ကျောင်းသား/သူများက သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)