တပ်ကုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင် စစ်ဆေး

တပ်ကုန်း ဩဂုတ် ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ ရောင်းချပေးနေမှုအခြေအနေများကို ယမန်နေ့ညနေ ၄ နာရီခွဲက ရှောင်တခင်စစ်ဆေးမှုများ ဆောက်ရွက်ခဲ့သည်။

အဆိုပါစစ်ဆေးရေးအဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦး၊ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးဇော်မင်းနိုင်၊ မြို့မရဲစခန်းမှ ဒုရဲအုပ် ရဲနိုင်ထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးခင်မောင်ဌေး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲတပ်ကြပ် သန်းထိုက်ဝင်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့က စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ခံမန်နေဂျာများအား တွေ့ဆုံ၍ စက်သုံးဆီပြတ်တောက်မှုမရှိစေရေး၊ သတ်မှတ်ထားသည့် စည်းကမ်းချက်များလိုက်နာရေးနှင့် စက်သုံးဆီလာရောက်ဝယ်ယူသည့် ဆိုင်ကယ်၊ မော်တော်ယာဉ်များ လိုင်စင်နှင့် ယာဉ်မောင်းသူများ လိုင်စင်ပြည့်စုံရေး၊ ဆိုင်ကယ်စီးဦးထုပ်တပ်ဆင်မောင်းနှင်ရေး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ လိုက်နာရေး လမ်းညွှန်မှာကြားခဲ့ပြီး မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် DENKO စက်သုံးဆီအရောင်းဆိုင်အပါအဝင် စက်သုံးဆီအရောင်းဆိုင် ၂၀ ဆိုင်အား ရှောင်တခင်စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီးနောက် မြဝတီရပ်ကွက်၊ အောင်ဇယျရပ်ကွက်များအတွင်း တရားမဝင် စက်သုံးဆီရောင်းချမှု ရှိ၊ မရှိ လိုက်လံစိစစ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်