ကျိုင်းလပ် ဩဂုတ် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ မိုင်းပါလျှိုးအုပ်စု အခြေခံပညာမူလတန်းကျောင်း(နမ့်ဖျန်)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဒေါ်စန်းစန်းမြင့်က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောရာတွင် ယနေ့ခေတ် လူငယ်များသည် နောင်တချိန်တွင် နိုင်ငံတော်၏ တာဝန်များကို လက်ဆင့်ကမ်းထမ်းဆောင်ရမည် ဖြစ်သည့်အတွက် ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းသင်ခန်းစာများအပြင် ပြင်ပဗဟုသုတများ ရရှိစေရန် သုတရသစာပေများကို ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်း စာဖတ်ခြင်းဖြင့် အမှား၊ အမှန် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ကျိုင်းလပ်မြို့ မိုင်းပါလျှိုးအုပ်စု၊ နမ့်ဖျန်ကျေးရွာ၌ ဖွင့်လှစ်ထားရှိသော ရွက်ဝါကြည့်တိုက်အတွက် ဤဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့လှူဒါန်းထားသော သုတ၊ ရသစာအုပ်ပေါင်း (၂၀) ကိုလည်း ကျေးရွာစာကြည့်တိုက် ကော်မတီအဖွဲ့ဝင်တစ်ဦးထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)