ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကြည့်ရှုစစ်ဆေး

မိုင်းဆတ် ဩဂုတ် ၁၉

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲက မိုင်းဆတ်ခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဗုဒ္ဓကောလိပ်ခူးဝါးဝုန်းစုမ့်ဉာဏသံဝရောကျောင်းတိုက် (မိုင်းဖုန်းဆရာတော်ကျောင်းတိုက်) ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာဇောတနှင့် ဆရာတော်သံဃာတော်တို့အား သွားရောက်ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေရယူဆောင်ရွက်သည့် ဦးဒါယေလှ၏ အသားတိုးဝက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဟိုနားကျေးရွာရှိ တောင်သူ ဦးစိုင်းဝုန်း၏ လယ်မြေ (၄) ဧက၌ စိုက်ပျိုးထားသည့် မျိုးသန့်၊ မျိုးပွား (စံပြ) မိုးစပါးစိုက်ခင်းတွင် မျိုးကွဲနုတ်ပယ်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးကာ ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က မြို့နယ်ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ဆေးကုသမှုခံယူနေသည့် ဒေသခံပြည်သူတို့အား လိုက်လံတွေ့ဆုံ၍ အားပေးစကားပြောကြားကာ အာဟာရပြည့်အစားအစာများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က မိုင်းဆတ်မြို့ လေယာဉ်ကွင်း မူလလေယာဉ်ပြေးလမ်းအား ပေ (၁၀၀၀) တိုးချဲ့နေမှုနှင့် ဘေးနှစ်ဖက်သို့ (၂၅) ပေ စီတိုးချဲ့ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က အ.ထ.က (ခွဲ၊လ-၂) ကျောင်း၌ ဖွင့်လှစ်ထားသည့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုအား ကြည့်ရှုစစ်ဆေးကာ ကျောင်းဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း၊ ကျောင်းဆောင်သစ် တည်ဆောက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)