ကျောက်ဆည် ဩဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြနှင့်ကျေးလက်ကွာဟမှု လျော့နည်းလာစေရေးအတွက် ကျေးရွာများအား မြစိမ်းရောင်ကျေးရွာစီမံကိန်းအဖြစ် အရင်းအပျောက်မတည်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လေးဆယ်ကုန်းကျေးရွာနေ ပြည်သူများအား (အဋ္ဌမ)အကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
စီမံကိန်းငွေများ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများက လေးဆယ်ကုန်းကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီအဖွဲ့ဝင်များ၊ ပြည်သူများနှင့်တွေ့ဆုံပြီး မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ကဏ္ဍအလိုက် လုပ်ငန်းများအောင်မြင်ရေး ကော်မတီဝင်များနှင့် ပြည်သူများမှ ဝိုင်းဝန်းဆောင်ရွက်သွားကြစေလိုကြောင်း ဆွေးနွေးခဲ့ပြီး စိုက်ပျိုးရေးလုပ်ကိုင်သူ (၁၁၃)ဦးအတွက် ငွေကျပ် (၂၇၈)သိန်းကျပ်၊ မွေးမြူရေးလုပ်ကိုင်သူ (၉၀)ဦးအတွက် ငွေကျပ်(၁၃၁)သိန်းကျပ်၊ အရောင်းအဝယ်လုပ်ကိုင်သူ (၁၂ဦးအတွက် ငွေကျပ်သိန်း(၃၁)တို့အား ပြည်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
လေးဆယ်ကုန်းကျေးရွာတွင် အိမ်ခြေ(၄၇၀)အိမ်၊ အိမ်ထောင်စု(၄၇၈)စု၊ လူဦးရေ(၂၃၀၇)ဦး နေထိုင်လျက်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အဓိကလုပ်ကိုင်ကြကြောင်းနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေများကို(၂၀၁၄-၂၀၁၅) ဘဏ္ဍာနှစ်တွင် ရွှေလေးကျေးရွာအား စတင်ထုတ်ချေးပေးခဲ့ပြီး၊ ယခုအခါ ကျေးရွာပေါင်း(၄၅)ရွာအား မြစိမ်းရောင်းကျေးရွာစီမံကိန်းများ ဆောင်ရွက်ထားကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)