မိုင်းဆတ် ဩဂုတ် ၁၉
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် (၁၁) နာရီခွဲက မိုင်းဆတ်ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖတို့အား အောင်ဇေယျဘက်စုံအားကစားကွင်းရှိ မိုးလုံလေလုံအားကစားရုံတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဒေသဖွံ့ဖြိုးရေးအတွက် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပါကြောင်း၊ ရပ်မိရပ်ဖများအနေဖြင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ဆွေးနွေးတင်ပြနိုင်ပါကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ချက်များ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ဒေသဆိုင်ရာအချက်အလက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မိုင်းဆတ်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ငွေပေးအပ်ရာ မိုင်းဆတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက လက်ခံရယူခဲ့ပြီး ကျောင်းစာကြည့်တိုက်များအတွက် စာအုပ်စာစောင်များထောက်ပံ့ပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဦးစိုင်းတင့်ဆန်းက လက်ခံရယူ၍ ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ ဆက်လက်ထောက်ပံ့ ပေးအပ်ရာ နောင်ဘိုကျေးရွာစာကြည့်တိုက်ကော်မတီမှ ဦးဆန်းညွှန့်အောင်က လက်ခံရယူခဲ့သည်။
ဆက်လက်၍ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ရပ်မိရပ်ဖများက ဒေသဖွံ့ဖြိုးရေးနှင့်စပ်လျဉ်း၍ ဒေသလိုအပ်ချက်များ တင်ပြကြရာ သက်ဆိုင်ရာဌာနတာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်မိရပ်ဖတို့အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)