နမ့်စန်(တ) ဩဂုတ် ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ရပ်ကွက်နှင့် ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ (၃) နာရီက မြို့နယ်ကျောက်တိုင်အားကစားကွင်း အတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးကြီး လင်းကိုနှင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကျော်မိုးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဖွင့်ပွဲတက်ရောက်လာကြသော အကြီးအကဲများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများကို လိုက်လံ တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲဝင်အသင်းများနှင့်ဘင်ခရာတပ်ဖွဲ့များက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆို အလေးပြု၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
ထို့နောက် အ.ထ.က(နမ့်စန်)၊ အ.ထ.က-ခွဲ (၅) ရပ်ကွက်နှင့် ထက်ထက်ထွန်း ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဖွင့်ပွဲတက်ရောက်လာကြသူများကို Fitness Dance နှင့် မြန်မာ့သိုင်း သရုပ်ပြကစား၍ ဖျော်ဖြေတင်ဆက်ကပြခဲ့ကြသည်။
ဆက်လက်၍ ဖွင့်ပွဲပွဲစဉ်အဖြစ် အမှတ် (၁) ရပ်ကွက် (က) ဘောလုံးအသင်းနှင့် အမှတ် (၂) ရပ်ကွက် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ တစ်ဖက်နှစ်ဂိုးစီဖြင့် သရေကျခဲ့သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို စက်တင်ဘာလ (၂၉) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ရပ်ကွက်နှင့်ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း စုစုပေါင်း (၁၈) သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
သူရအောင်(နမ့်စန်)