မိတ္ထီလာတက္ကသိုလ်မိသားစု၏ ဘုရားအနေကဇာတင်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

မိတ္ထီလာ ဩဂုတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်မိသားစု၏ ဘုရားအနေကဇာတင်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်  ၆ နာရီခွဲက အဆိုပါ တက္ကသိုလ်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ဦးစွာနိုင်ငံတော်သံဃာ့နာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ၊ မိတ္ထီလာမြို့ သာသနာ့ဝေပုလ္လ ကျောင်းတိုက်ဦးစီးပဓာနနာယကဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒနှင့် ပင့်သံဃာတော် ၂၄  ပါးတို့အား  ပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ်များနှင့် ဆရာဆရာမများက တက္ကသိုလ်ဓမ္မာရုံတွင် အရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ တက္ကသိုလ်အတွင်း တည်ထားကိုးကွယ်သော လေးကျွန်းထိပ်တင်အောင်သစ္စာဆုတောင်းပြည့်စေတီတော်အား ဘုရားအနေ ကဇာတင်ခြင်းကို ပင့်သံဃာတော်များက ဆောင်ရွက်တော်မူကြပြီးနောက် ဘုရားအမှူးရှိသော ပင့်သံဃာတော်များအား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများက ဆွမ်းဆန်စိမ်းများ လောင်းလှူကြသည်။ ဆက်လက်၍ နံနက် ၉ နာရီခွဲအချိန်တွင် တက္ကသိုလ်ဓမ္မာရုံ၌ ပင့်သံဃာတော်များထံသို့ ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုများကို တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းကြပြီး ရေစက်ချအနုမောဒနာတရားတော်များ နာယူခဲ့ကြကြောင်းသိရသည်။

ချမ်းသာ