မြစ်ကြီးနား သြဂုတ် ၁၈
ကချင်ပြည်နယ်အတွင်း နှစ်စဉ်မိုးရာသီတွင် ဧရာဝတီအထက်ပိုင်း မြစ်ဝှမ်းတစ်လျှောက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ကြီးနားမြို့၌ ရေကြီးနစ်မြှုပ်မှုဖြစ်စဉ်များဖြစ်ပေါ်လေ့ရှိရာ မြို့ရေကြီးနစ်မြှုပ်မှုဖြစ်စဉ်မှ ကာကွယ်နိုင်ရေး၊ စံချိန်တင်မြင့်တက်မှုကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ လျော့ချနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်န်သည် နေပြည်တော်မှ စေလွှတ်ခဲ့သည့် ကွင်းဆင်းလေ့လာစစ်ဆေးရေးအဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းတစ်လျှောက် အဓိကရေဝင်ပေါက်နေရာများကို သြဂုတ် ၁၇ ရက်နှင့် ၁၈ ရက်များတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ကွင်းဆင်းလေ့လာစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင် ဦးဆောင်သော ကွင်းဆင်းလေ့လာစစ်ဆေးရေးအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့တွင်း ဧရာဝတီမြစ်ရေ အဓိကဝင်ပေါက်နေရာတစ်ခုဖြစ်သည့် ကြက်ပေါင်ခြံရပ်ကွက်၊ ကျွဲ၊ နွားဈေးအနီး ဧရာဝတီမြစ်ဆိပ်နေရာ၌ အဆိုပါဝင်ပေါက်မှ ရေဝင်ရောက်မှုအခြေအနေများနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ရေလွှမ်းမိုးမှုဖြစ်ပေါ်နိုင်သည့် ဧရိယာများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပမ္မတီးရပ်ကွက်ရေကြည်ဈေးမှ တစ်ဆင့်အတွင်း ရေကြည်ချောင်းမှ မြို့တွင်းသို့ မြစ်ရေဝင်ရောက်မှုအခြေအနေများ၊ အဓိက ရေဝင်ပေါက်တစ်ခုဖြစ်သည့် ရေကြည်ချောင်းဝနေရာ၌ မြစ်ရေကြီးမြင့်မှုကြောင့် အမြင့်ဆုံးမြင့်တက်ခဲ့သည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရမ်ပူရပ်ကွက်အတွင်းရှိ အောင်ဆုပန်ဘုန်းတော်ကြီးကျောင်းသွားနေရာ၌ ဧရာဝတီမြစ်ရေ ဝင်ရောက်ရေထိန်းတံခါး တည်ဆောက်နိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
အလားတူ သြဂုတ် ၁၇ ရက်ကလည်း ပြည်နယ်ဝန်ကြီးချုပ်သည် ကွင်းဆင်းလေ့လာစစ်ဆေးရေးအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်နှင့် ရွှေစက်ရပ်ကွက်အတွင်း ဗလမင်းထင်တံတားအနီးထိ အဓိကရေဝင်နေရာများဖြစ်သည့် မြေနိမ့်ပိုင်းနေရာများတွင် မြစ်ရေအမြင့်ဆုံးအခြေအနေထိ မြင့်တက်ခဲ့မှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ ကမ်းပါးတိုက်စားမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် နှုန်းမြေပို့ချမှုကြောင့် မြစ်ကမ်းပါးကြမ်းပြင် မြင့်တက်လာမှုဖြစ်စဉ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ထိုမှတစ်ဆင့် အဆိုပါရပ်ကွက်များအတွင်းမှ ရေဝင်ရောက်မှုကြောင့် စီတာပူရပ်ကွက်အတွင်း ရေလွှမ်းမိုးဧရိယာတွင် ပါဝင်သည့် စက်မှုဇုံအပိုင်း ဗလမင်းထင်ဧက ၁၀၀ စံပြစိုက်ကွင်းနေရာ၌လည်းကောင်း၊ အင်ဂျန်းချောင်းဝနေရာမှလည်းကောင်း ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြစ်ကမ်းပါးမြေနိမ့်ပိုင်းနေရာများတွင် ရေထိန်းနံရံများ တည်ဆောက်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စု ဟိုးလော်ကျေးရွာအတွင်း ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျခဲ့သဖြင့် စေတီတစ်ဆူအပါအဝင် လူနေအိမ်များ ပျက်ဆီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြစ်ကမ်းပါးထိန်းသိမ်းရေးအတွက် ကျောက်စီမြေထိန်းတမံတည်ဆောက်သွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် မြစ်ကြီးနားမြို့ စီတာပူတံတား၌ အင်ဂျန်းချောင်းရေဝင်ရောက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက် ဧရာဝတီမြစ်ကမ်းရှိ ငြိမ်းချမ်းရေးဓာတ်တော်တိုက်စေတီတော်မှတစ်ဆင့် ဧရာဝတီမြစ်ကမ်းပါးတစ်လျှောက် ရေစီးတည်ငြိမ်ရေးနှင့် မြစ်ရေမြင့်တက်မှုဖြစ်စဉ်မှ ကာကွယ်နိုင်ရေးအတွက် ကျောက်စီရေထိန်းတမံများ တည်ဆောက်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဧရာဝတီမြစ်ကမ်းဘေး လယ်ကုန်းရပ်ကွက်မှ ကြက်ပေါင်ခြံရပ်ကွက်အထိ တာရိုးလမ်းတစ်လျှောက် ရေဝင်ရောက်မှုဖြစ်ပေါ်လေ့ရှိသည့် ရေဝင်လမ်းကြောင်း အခြေအနေများကိုလည်းကောင်း၊ အဆိုပါရပ်ကွက်အတွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ ပေါ်ဦးကျောင်းတိုက်မှတစ်ဆင့် မြစ်ကမ်းပါးတစ်လျှောက် ရေကြီးနစ်မြှုပ်မှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါနေရာများနှင့် မြို့၏အဓိကရေဝင်ပေါက်နေရာများတွင် ရေထိန်းတံခါးများ တည်ဆောက်နိုင်ရေး၊ ကမ်းထိန်းကျောက်စီရေထိန်းတမံများ တည်ဆောက်နိုင်ရေးနှင့် တာရိုးလမ်းများ မြင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၇ နာရီကလည်း ပြည်နယ်ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် ဧရာရပ်ကွက်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ ရှမ်းစုတောင်ရပ်ကွက်၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံများနှင့်အတူ ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
ထို့အတူ ညနေပိုင်းတွင် ပြည်သူ့အားကစားကွင်းအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားရရှိခဲ့သည့် လက်ရွေးစင်ဘောလုံးအသင်းနှင့် ဝန်ကြီးဌာနပေါင်းစုံဌာနဆိုင်ရာညွှန်ပေါင်းဘောလုံးအသင်းတို့ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးကြရာ ပြည်နယ်လက်ရွေးစင်ဘောလုံးအသင်းက ၂ ဂိုး ဂိုးမရှိ ဖြင့် အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးတို့က ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီခဲ့ကြသော အဖွဲ့အစည်းများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြိုင်ပွဲတစ်လျှောက်နေရာအလိုက် အကောင်းဆုံးဆုများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ဒုတိယဆုရ ဌာနဆိုင်ရာညွှန်ပေါင်းအသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က အနိုင်ရသည့် ပြည်နယ်လက်ရွေးစင်အသင်းအား ထပ်မံချီးမြှင့်ဂုဏ်ပြုသည့်အနေဖြင့် ငွေကျပ်သိန်း ၁၀၀ ကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)