ဘားအံ၌ (၄၅) ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး) ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဘားအံ ဩဂုတ် ၁၈

ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး) ပွဲတော်ကို ကရင်တိုင်းရင်းသားလူမျိုးများ နေထိုင်ရာ နေရာဒေသအသီးသီးတွင် ဆွေမျိုးမိသားစုအလိုက်သော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း ဝါခေါင်လရောက်တိုင်း နှစ်စဉ်ဆင်ယင်ကျင်းပလေ့ရှိကြရာ ယနေ့ နံနက် ၉ နာရီက ဘားအံမြို့၊ဇွဲကပင်ခန်းမ၌ (၄၅) ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး) ပွဲတော်ကို အနှစ်သာရပြည့်ဝစွာဖြင့် စည်ကားသိုက်မြိုက်စွာ စုပေါင်းဆင်ယင်ကျင်းပခဲ့ကြသည်။

ဦးစွာ သဘာပတိအဖွဲ့ဝင်များက စင်မြင့်ထက်တွင်နေရာယူ၍ သဘာပတိဦးစောကြည်လင်းက ချည်ဖြူဖွဲ့ မင်္ဂလာနှင့်ပတ်သက်၍အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိမိဘိုးဘွားများ ရှေးနှစ်ပေါင်းများစွာကတည်းက ထားရှိခဲ့သည့်ကောင်းမြတ်သော ရိုးရာအမွေအနှစ်တစ်ခုကို မပျောက်ပျက်အောင် ကရင်လူငဘ်များအားလုံး ကြီးမားသည့်တာဝန်တစ်ရပ်အဖြစ် ခံယူကာ မြတ်မြတ်နိုးနိုးနှင့် အဆင့်ဆင့်လက်ဆင့်ကမ်းထိန်းသိမ်းပေးကြရန် တိုက်တွန်းလိုကြောင်း၊ အဝေးတွင်လွင့်ပျံနေသည့်ဝိညာဉ်များ ပြန်လာကြပါ၊ ကိုယ်တွင်းမှာရှိကြသည့် ဂြိုလ်ဆိုးနတ်ဆိုးများအပြင်ထွက်ပြီး လွင့်စင်ပျောက်ပျက်ပါစေ၊ ကျန်းမာခြင်း၊ လဘ်လာဘများနှင့်ကျန်းမာခြင်းသုခများ ခန္ဓာကိုယ်တွင်း ဝင်ရောက်ကြပါစေဟု ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

ထို့နောက် ကရင်တိုင်းရင်းသားလူငယ်မောင်မယ်များက ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး) ဖြစ်ပေါ် လာပုံကို ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ဖတ်ကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌထံ ငွေကျပ်သိန်း (၁၅၀)ကို ထောက်ပံ့ပေးအပ်ကာ ပွဲတော်ကျင်းပရေးကော်မတီမှ (၄၅) ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ (လာခုင်ခါင်.စူး) ပွဲတော်ဖြစ်မြောက်ရေးအတွက် အလှူငွေထည့်ဝင်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားသည်။

ယင်းနောက် ပွဲတော်ကိုဦးဆောင်ကျင်းပမည့် အကြီးအမှူးနှင့် အရန် (၂) ဦး၊ ချည်ဖြူဖွဲ့ပေးမည့် အဖိုးနှင့် အဖွားများက မြေးငယ်များခြံရံလျက် သတ်မှတ်နေရာအသီးသီးတွင်နေရာယူကြပြီး ပွဲတော်အကြီးအမှူးက မကောင်းသော စိတ်ဝိညာဉ်ဆိုးများ လူတိုင်း၏ခန္ဓာကိုယ်မှ ဖယ်ခွာစွန့်ထုတ်သွားစေရန် ကရင်ဘာသာဖြင့်ရွတ်ဆိုမောင်းထုတ်၍ လူတိုင်း၏ခန္ဓာကိုယ်အား အစဉ်အမြဲစောင့်ရှောက်ပေးသည့် ဝိဉာဉ်လိပ်ပြာကောင်းများ အသီးသီးပြန်လည်ဝင်ရောက်လာစေရန် ကရင်ဘာသာဖြင့် ရွတ်ဆိုခေါ်ယူသည်။

ပွဲတော်အကြီးအမှူးခေါ်ယူရောက်ရှိလာသော (၇)ရက်သား၊သမီးများ၏ ဝိညာဉ်လိပ်ပြာကောင်းများ ရွှင်လန်းဝမ်းမြောက်စေရန် ရိုးရာသီချင်းဖြင့် ဂုဏ်ပြုကြိုဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး နှင့်ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကရင်တိုင်းရင်းသားရပ်မိရပ်ဖများ၊ တိုင်းရင်းသားပြည်သူများက အဖိုး၊အဖွားများထံတွင် ချည်ဖြူဖွဲ့မင်္ဂလာခံယူကြသည်။

ချည်ဖြူဖွဲ့ရာတွင် ငှက်ပျောသီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ သန့်စင်သောရေ၊ ကြံပိုင်းစသည့်ပစ္စည်း (၇) မျိုးပါဝင်ပြီး တစ်ခုချင်းစီ၏ဂုဏ်သတ္တိများအလိုက် ကရင်တိုင်းရင်းသားတို့အား စုပေါင်းညီညွတ်စွာနေထိုင်စေလိုသည့်အဓိပ္ပါယ်များ ပါဝင်ကြောင်း၊ မွန်မြတ်သန့်စင်၍ ချစ်စရာကောင်းသည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာကောင်းများကို ကရင်တိုင်းရင်းသားများ ထိန်းသိမ်းသည့်ပွဲတော်တစ်ရပ်ဖြစ်ကြောင်းနှင့် ကရင်ပြည်နယ်အတွင်း ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားများကို ဝါခေါင်လတစ်လလုံး နေရာဒေသအနှံ့အပြားတွင် ကျင်းပလေ့ရှိကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)