မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ် မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် သြဂုတ် ၁၈

မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မရွေး ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်နိုင်ရန် အားကစားနည်းအလိုက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ် မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကလပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းသားများက သတ်မှတ်နေရာအသီးသီးတွင် နေရာယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်နှင့် မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကလပ်အသင်း တာဝန်ရှိသူတို့မှ ပြိုင်ပွဲကို Color Ball ရိုက်၍ ဖွင့်လှစ်ခဲ့ကြသည်။

အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်ဂေါက်သီးရိုက်အားကစားသမားများအား ရင်းရင်းနှီးနှီးအားပေးနှုတ်ဆက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်၊ မိုးရာသီမုတ်သုန်ဖလား ဂေါက်သီးရိုက် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ အတန်းလိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအားလည်းကောင်း၊ ရိုက်ချက်အလိုက် အကောင်းဆုံးဂေါက်သီးရိုက် အားကစားသမားများအားလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တို့က ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်၊ မိုးရာသီမုတ်သုန်ဖလားဂေါက်သီးရိုက် ပြိုင်ပွဲတွင် အသင်းလိုက် ဒုတိယဆု၊ တတိယဆုရရှိသူများအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပထမဆုရရှိကြသော ပြိုင်ပွဲဝင်ဂေါက်သီးရိုက်အသင်းများအားလည်းကောင်း ဆုဖလားနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

၂၀၂၄ ခုနှစ် မိုးရာသီမုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ၂၀၂၄ ခုနှစ် ဇွန်လ ၆ မှ ဩဂုတ်လ ၁၈ ရက်နေ့အထိ မော်လမြိုင််မြို့၊ ငန်းတေးဂေါက်ကလပ်၌ ကျင်းပပြုလုပ်ခဲ့ရာ အတွဲလိုက်အုပ်စုပွဲစဉ်ပြိုင်ပွဲပုံစံဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြည်နယ်အတွင်း အမျိုးသား၊ အမျိုးသမီးဂေါက်သီးရိုက်အားကစားသမားများနှင့် ဖိတ်ခေါ်ထားသည့် ဂေါက်သီးရိုက်အားကစားဝါသနာရှင် (၁၀၄) ဦးတို့ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

စည်သူ (ပြန်/ဆက်)