ရပ်စောက်မြို့နယ်၌  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ရပ်စောက် ဩဂုတ် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ရှိ ခေတ်မီစံပြ‌ကျေးရွာ ကျောက်တောကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့မှ ကျေးရွာသူ၊ ကျေးရွာသားများအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတများ ရရှိလာစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲကို ဩဂုတ် ၁၆ ရက်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးရှေးရယ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးစိုင်းတင်ထွန်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ပြီး ခေတ်မှီစံပြကျေးရွာ ကျောက်တောကျေးရွာအုပ်စု ကျောက်တောတိုက်နယ်မှ ကျန်းမာရေးကြီးကြပ်‌(၂) ဒေါ်မော်လွင်က ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေးပြောကြားခဲ့သည်။

ဆက်လက်၍ ခေတ်မီစံပြ‌ကျေးရွာ ကျောက်တောကျေးရွာ အခြေခံပညာအလယ်တန်း‌ကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဖြိုးတို့က အဖွင့်အမှာစကား ပြောကြားသည်။ ၎င်းနောက် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ်ဇော်မိုးလှိုင်က မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သည့် အကြောင်းအရာများအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး  ဟောပြောပွဲသို့  ကျေးရွာသူ၊ ကျေးရွာသားများနှင့် ကျောင်းသူ၊ကျောင်းသားများ စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)