ကျောက်ပန်းတောင်းမြို့နယ်တွင် (၆)တန်းသွားကူဘိုတာ ကောက်စိုက်စက်ဖြင့် မိုးစပါးကောက်စိုက်ခြင်း သရုပ်ပြ ကောက်ကွက်ပြည့်မီစွာဖြင့်အချိန်တိုအတွင်း ဧကများစွာစိုက်ပျိုးနိုင်

ကျောက်ပန်းတောင်း ဩဂုတ် ၁၇

မန္တလေတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဒေသခံတောင်သူများအနေဖြင့် လယ်ယာသုံးစက်ကရိယာများကို တွင်းကျယ်စွာ အသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာ စနစ်သို့ အသွင်ကူးပြောင်း ဆောင်ရွက်နိုင်စေရေး၊ လုပ်သားရှားပါးမှုပြသနာကို ဖြေရှင်းပေးနိုင်စေရေး တို့အပြင် အချိန်တိုအတွင်း စိုက်ဧကများစွာကို ထွန်ယက်စိုက်ပျိုးနိုင်ခြင်းနှင့် စပါးအထွက်နှုန်း ကောင်းမွန်စေခြင်းစသည့် ကောင်းကျိုးများစွာရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူး‌ပေါင်း၍ (၆)တန်းသွား ကူဘိုတာကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို၊ ယနေ့မွန်းလွဲ(၁၂:၁၀)နာရီက သရက်တောကျေးရွာအုပ်စု၊ သရက်တော စိုက်ပျိုးရေးခြံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် မြို့နယ်စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ စပါးစိုက်တောင်သူများ တက်ရောက်ကြရာ၊ စက်မှု လယ်ယာဦးစီးဌာန၊ အမှတ်(၈၂) စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သူက (၆)တန်းသွား ကူဘိုတာ ကောက်စိုက်စက် အသုံးပြု၍ စိုက်ပျိုးရာတွင် စိုက်ခင်း လယ်မျက်နှာပြင် ညီညာရန် လိုအပ်ခြင်း၊ ပျိုးခင်းအတွက် နေရာအနည်းငယ်သာ လိုအပ်ခြင်း၊ မျိုးစေ့နှုန်းထား အနည်းငယ်ဖြင့်၊ စပါးအထွက်နှုန်း ကောင်းမွန်စေခြင်း၊ ကောက်ကွက်နှင့် ကောက်ပင် အတိမ်အနက် လိုအပ်သလို ချိန်ညှိ စိုက်ပျိုး နိုင်ခြင်း၊ ပျိုးသက် နုနုဖြင့် စိုက်ပျိုးနိုင်ခြင်း၊ ကောက်ပင်လှန် မြန်ခြင်းနှင့် ပင်ပွားအရေအတွက် များများ ရရှိခြင်း၊ တစ်ဧက ကောက် ကွက် ပြည့်မီခြင်း၊ အချိန်တိုအတွင်း ဧကများစွာ စိုက်ပျိုးနိုင်ခြင်း၊ ရာသီဥတု ပြောင်းလဲ မှုအပေါ်မူတည်၍ အချိန်အခါမီ စိုက်ပျိုးနိုင်ခြင်းစသည့် စက်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုနှင့် အားသာချက် များကို ရှင်းလင်းပြောကြားသည်။

ယနေ့သရုပ်ပြပွဲတွင် အဆိုပါကောက်စိုက်စက်ဖြင့် ဆင်းသုခ စပါးမျိုး(၅)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရပြီး၊ သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်၊ အတွင်းရေးမှူး ရဲမှူး စိုးစိုး နှင့် မြို့နယ်စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ စပါးစိုက်တောင်သူများ စုစုပေါင်း(၄၅)ဦး တက်ရောက် ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)