ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းအရှေ့(အလယ်ပိုင်း)ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်

လွိုင်လင် သြဂုတ် ၁

နိုင်ငံတော်နှင့်ပြည်သူများ၏စီးပွားရေး၊ လူမှုရေးများ စဉ်ဆက်မပြတ်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေရေးအတွက် လမ်းပန်းဆက်သွယ်ရေးသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသောကြောင့် ယမန်နေ့နံနက်(၁၀)နာရီက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်များနှင့် တာဝန်ရှိသူတို့သည် လွိုင်လင်မြို့နယ်၊ လွိုင်လင်-ကွတ်ချိုး-ဟိုနမ့်-ဝမ်ပိန်း ၁၁/၀ မိုင်အနက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် ၀/၄ မိုင် ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုး ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးမှ လမ်းနှင့်ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ ကတ္တရာခင်းမည့်လမ်း ကျောက်ခင်းနေမှုကို ကြည့်ရှစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းကို ၂၀၂၄-၂၀၂၅ ပြည်နယ်ရန်ပုံငွေ ခွင့်ပြုငွေ ၁၂၃.၄၇၀(ကျပ်သန်း)ဖြင့် ၂၀၂၄ခုနှစ် ဇူလိုင်လ(၁)ရက်မှစတင်၍ Htut Brother ကုမ္ပဏီမှ ဆောင်ရွက်ပြီး ၂၀၂၅ခုနှစ် ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့ ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နမ့်စန်ခရိုင်၊ မိုးနဲမြို့ရှိ  မိုးနဲဟော်နန်းအား သွားရောက် ကြည့်ရှုစစ်ဆေးရာ ရှမ်းစာပေယဥ်ကျေးမှုအဖွဲ့ ဦးစိုင်းမောင်ကြီးမှ မိုးနဲဟော်နန်းသမိုင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှေးဟောင်းအဆောက်အဦ ဖြစ်သည့် အတွက် ဆက်လက်ထိန်းသိမ်းပေးကြရန်နှင့် ပျက်စီးနေသည့်နေရာများကို ပြန်လည်ပြုပြင် ပေးသွားမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြား၍ ဟော်နန်း၊ ကြေးနွားရုပ်ထုနှင့် တံခွန်တိုင်ကုက္ကားတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထို့နောက် ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင် နမ့်စန်-မိုးနဲ-မိုင်းတုံ- မိုင်းဆတ်လမ်း ဆောင်ရွက်နေမှု များကို ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသူရဇော်မှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောက်ကလမ်းများကို အရည်အသွေးကောင်းမွန်ပြီး စံချိန်စံညွန်းနှင့်အညီ ဆောင်ရွက် ပေးကြရန် သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့ပြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ပုန်းထွန်ကျေးရွာအဝင်လမ်း ကတ္တရာလမ်းဆောင်ရွက်မည့်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသန့်မှ ရှင်းလင်းတင်ပြ၍ ပြည်နယ်ဝန်ကြီးချုပ်က လမ်းနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်မည့် ကုမ္ပဏီအား လမ်းများကောင်းမွန်အောင် ဆောင်ရွက်ပေးကြရန်၊ အခက်အခဲများရှိပါက တင်ပြ ပေးကြားရန် မှာကြားပြီး လမ်းဆောင်ရွက်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ လင်းခေး ပုန်းထွန်ကျေးလက်လမ်းမှ လင်းခေးဒေသထွက် အစေ့ထုတ်ပြောင်း၊ နမ်းနှင့် နေကြာတို့ကို သယ်ယူပို့ဆောင်ရောင်းချလျက်ရှိကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)