ဗန်းမော် ဩဂုတ် ၁၇
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်ကျင်းပပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ မိုးရာသီဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က ခရိုင်ပြည်သူ့အားကစားပြိုင်ကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ပေါင်းစုံ မိုးရာသီဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂၆ ရက်က စတင်၍ ဗန်းမော်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(ဗန်းမော်)နှင့် ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)တို့ ယှဉ်ပြိုင်ကစားခဲ့ရာ ယမန်နေ့ကပြုလုပ်ခဲ့သည့် ဗိုလ်လုပွဲတွင် ဗန်းမော်တက္ကသိုလ်အသင်းနှင့် နည်းပညာတက္ကသိုလ်(ဗန်းမော်)အသင်းတို့က အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး ဗန်းမော်တက္ကသိုလ်အသင်းက ပထမဒိုင်းဆုကြီးကို ဆွတ်ခူးသွားခဲ့သည်။
ဆက်လက်၍ အဆိုပါဘောလုံးပြိုင်ပွဲဆုပေးပွဲကျင်းပရာ ပထမဆုရရှိသည့် ဗန်းမော်တက္ကသိုလ်အသင်းအား ခရိုင်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် နည်းပညာတက္ကသိုလ်(ဗန်းမော်)အသင်းအား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးရဲဝင်းကလည်းကောင်း၊ တတိယဆုရရှိသည့် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)အသင်းအား ခရိုင်စီမံအုပ်ချူပ် ရေးအဖွဲ့ဝင် ဦးဖော်လုလဝမ်ကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ နည်းပညာတက္ကသိုလ်(ဗန်းမော်)မှ ဒုတိယပါမောက္ခကြီး ဒေါက်တာဇော်ဝင်းအောင်က ဆီမီးဖိုင်နယ်နှင့်ဗိုလ်လုပွဲတို့တွင် ပါဝင်ကူညီပေးခဲ့သည့် ဒိုင်၊ လိုင်းနတ်များကိုလည်း ဂုဏ်ပြုလက်ဆောင်များ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)