ပျဉ်းမနား ဩဂုတ် ၁၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးအောင်ပြည့်စုံက ပြည်သူများ သတင်းအဆိပ်သင့်မှုမှကင်းဝေးစေရေးနှင့် သတိပြုရှောင်ရှားသင့်သည့် သတင်းတု၊ သတင်းမှားများအကြောင်းကို ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံစာရေးဆရာအသင်း အတွင်းရေးမှူး မောင်ငြိမ်းသူ(ကြို့ပင်ကောက်)က စာဖတ်ရှိန်မြင့်တင်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အခြေ အနေများနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်းကို အကျယ်တဝင့် ဟောပြောဆွေးနွေးသည်။
ယင်းနောက် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ၊ အမျိုးသားစာပေတစ်သက်တာဆုရှင် ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က စာဖတ်ခြင်းက ဖတ်သူ၏ နယ်ပယ်ကို ကျယ်ပြန့်စေသည်ဖြစ်ရာ များများဖတ်လေပို၍ ကျယ်ပြန့်လေပင်ဖြစ်ကြောင်း၊ နည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့်အတူ ယခင်စာအုပ်များတွင်သာ ဖတ်ရှုနိုင်သည့် သုတ၊ ရသ စာပေများကို အင်တာနက်ပေါ်တွင်လည်း အလွယ်တကူ ရှာဖွေဖတ်ရှုနိုင်ကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းမှ ရရှိသောအသိပညာဗဟုသုတများကို ပြန်လည်အသုံးချ မျှဝေနိုင်ရန် အတွက် အသက်အရွယ်အလိုက်စာပေများကို လေ့လာဖတ်ရှုသင့်ကြောင်း၊ စာရေး ဆရာများအနေဖြင့် ပြည်သူများမှန်ကန်သည့် လမ်းကြောင်းရောက်ရှိစေရေး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု အမွေအနှစ်များ ထိမ်းသိမ်းစေရေးနှင့် အမျိုးသားရေးစိတ်ဓာတ်များ ခိုင်မာလာစေရေးအတွက် ပြည်သူ့အကျိုးပြုစာပေများကို ရေးသားခြင်းဖြင့် ကူညီဆောင်ရွက်ပေးစေလိုကြောင်း ဟောပြော ဆွေးနွေးခဲ့သည်။
ထို့နောက်ဒေသခံစာရေးဆရာများကိုယ်စား စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)က မုဒိတာစကား ပြန်လည်ပြောကြားပြီး မိမိတို့စာရေးဆရာများအနေဖြင့် စာပေများရေးသားရာတွင် ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ပန်ဆင်၍ အဆိပ်အတောက်ကင်းသည့်စာပေများ ရေးသားစေလိုကြောင်း၊ ရည်မှန်းချက်ပန်းတိုင် တိကျခိုင်မာစွာထားရှိ ဆောင်ရွက်ရန်နှင့် စာပေရေးရာများ ဟောပြော ဆွေးနွေးခဲ့သည်။
ယနေ့ကျင်းပသည့် စာဖတ်ရှန်မြှင့်တင်ရေး စာပေဟောပြောပွဲအခမ်းအနားသို့ မြန်မာနိုင်ငံစာရေးဆရာအသင်းဝင်များ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ Book Club များမှ အဖွဲ့ဝင်များ၊ နေပြည်တော်စာပေဝိုင်းမှ စာရေး ဆရာ/ဆရာမများ၊ နေပြည်တော်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေပြည်တော်