ကော့မှူးတွင် စာဖတ်ရှိန်မြှင့်မားရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ကော့မှူး ဩဂုတ် ၁၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသော စာဖတ်ရှိန်မြှင့်မားရေး အသိပညာပေးဟောပြောပွဲ ကဗျာရွတ်ဆိုပြိုင်ပွဲ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ကျောင်းသူများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရန်၊ ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကို ပါလေ့လာဖတ်ရှုခြင်းဖြင့် အနာဂတ်ကာလ၌ အသိပညာကြွယ်ဝသည့် နိုင်ငံသားကောင်းများဖြစ်လာစေရန်၊ စာဖတ်ခြင်းကြောင့် မိမိတို့၏ ကိုယ်ပိုင်အရည်အသွေးများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ စာပေကြောင့် အတွေးအခေါ်များ မှန်ကန်လာမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာ ကျောင်းသား/ကျောင်းသူ (၁၀) ဦးဝင်ရောက် ယှဉ်ပြိုင်ကြရာပြိုင်ပွဲတွင် ဆုရရှိသူများကို Book Club  အဖွဲ့ဝင် ဒေါ်ခင်ထွေးရီနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြသည်။

ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ နေ့ထူးရက်မြတ်များနှင့် အထိမ်းအမှတ်နေ့ရက်များအလိုက် ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲများ ပြုလုပ်ပေးခြင်းတို့ကို စဉ်ဆက်မပြတ် လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)