ရပ်စောက်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရပ်စောက် ဩဂုတ် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှလာရောက်၍ ကျောင်းသား၊ ကျောင်းသူများမှတစ်ဆင့် မိဘပြည်သူများအားသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများတိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ဗထူး)နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိန်မောင်ဌေးက ကျောင်းသား၊ ကျောင်းသူအား ပတ်ဝန်းကျင်၏အဓိပ္ပာယ်၊ မိုးလေဝသနှင့်ရာသီဥတု၊ ရာသီဥတု ပြောင်းလဲခြင်း၏အကြောင်းအရင်း၊ အဓိကမှန်လုံအိမ်ဓာတ်ငွေ့ခြောက်မျိုး၊ ရာသီဥတုပြောင်းလဲခြင်းဆိုတာဘာလဲ၊ ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးသက်ရောက်မှုများနှင့် ရာသီဥတုပြောင်းလဲခြင်းကို ရင်ဆိုင်ဖြေရှင်းခြင်းစသည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား မေးခွန်းများမေးမြန်းကာ အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ သက်ဆိုင်ရာကျောင်းများမှ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၄၆၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)