ပင်းတယ ဩဂုတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ လယ်ပြင်ကျေးရွာ၌ ယမန်နေ့က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ “လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း”ကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဦးစီးမှူး ဒေါ်အေးအေးသန့်က သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ ကျေးလက်နေ ပြည်သူများအား အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ ကျေးလက်နေမိသားစုဝင်ငွေတိုးပွားရေး၊ လူငယ်များအလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးတို့အတွက် မိမိတို့ဌာနမှ သင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးနေမှုများနဲ့ပတ်သက်၍ ရှင်းလင်း ပြောကြားပေးခဲ့သည်။
ယခုဖွင့်လှစ်သင်ကြားပေးသည့် “လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ”သင်တန်းတွင် ဘက်စုံသုံးဆပ်ပြာဆီ၊ မှန်ကြည်ဆေးရည်၊ ကိုယ်တိုက်ဆပ်ပြာဆီခဲ၊ ခေါင်းလျှော်ရည်ပြုလုပ်နည်းများကို ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ပြီး၊ အဆိုပါသင်တန်းတွင် သင်တန်းသူ/သင်တန်းသား စုစုပေါင်း(၂၀)ဦး တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)