အမရပူရ သြဂုတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ပြည်သူများ၏ လူမှုစီးပွားရေး ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့်တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန်နှင့် Online စနစ်ဖြင့် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့်ပုဂ္ဂလိက အဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်းစစ်ဆေးနိုင်မည့် အခြေခံစနစ်တည်ဆောက်ရန်ရည်ရွယ်၍ ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူခြင်းနှင့် Unique ID(Biometric) ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မုံတောကျေးရွာအုပ်စုတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အလားတူ အမရပူရမြို့နယ်၊ ပြည်လုံးကျော်ကျေးရွာ၊ အုပ်လျုပ်ရေးမှူးရုံးတွင် လဝကမှူး ဒေါ်ခင်ခင်စန်းဦးဆောင်၍ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့်လည်းကောင်း၊ လဝကမှူး ဒေါ်ဝင်းဝင်း နှင့် တိုက်နယ်မှူး ဒုလဝမှူး ဒေါ်သော်တာလွင် တို့မှဦးဆောင်၍ မှန်တန်းရပ်ကွက်၊ ကွက်သစ်ရပ် အလယ်တန်း ကျောင်းတို့တွင် အသီးသီးကွင်းဆင်းဆောင်ရွက်ခဲ့ကြရာနှစ်ကျောင်းပေါင်း ကျား (၁၂၃)ဦး၊ မ(၁၄၃)ဦး စုစုပေါင်း (၂၆၆) ဦး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်းထံမှ သိရသည်။
စိုးသီဟ(အမရ)