ကွမ်းခြံကုန်းမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေး လူငယ်စကားဝိုင်းကျင်းပ

ကွမ်းခြံကုန်း  သြဂုတ်  ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရေး၊ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက ကွမ်းခြံကုန်းမြို့နယ်၊ တော်ကူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက  လူငယ်စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးနှင့် တော်ကူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ညိုညိုနိုင်တို့က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး ကျောင်းသားကျောင်းသူများက လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဥ်ကျေးမှု၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဥ်များဖြင့် အပြန်အလှန်ဆွေးနွေးကြသည်၊ လူငယ်စကားဝိုင်းတွင် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူ စုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါကျောင်းသားကျောင်းသူများထဲမှ  သိရှိလိုသည်များကို မေးမြန်းခဲ့ရာဆွေးနွေးကြသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ထို့နောက် လူငယ်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးသည့် ကျောင်းသားကျောင်းသူများအား အမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

 ဆွေနွယ်(ပြန် /ဆက်)