ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ဒေသခံပြည်သူများထံ ကွင်းဆင်းခြင်းနှင့် ORT Corner (Community Clinic) ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကု ပြည်သူအ‌ခြေပြုဆေးပေးခန်းဖွင့်လှစ်ခြင်းများဆောင်ရွက်

ဒဂုံတောင် ဩဂုတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ တားဆီးကာကွယ်ထိန်းချုပ်နိုင်‌ရေးအတွက် ဒေသခံပြည်သူများထံသို့ တာဝန်ရှိသူများက ကွင်းဆင်း‌ဆောင်ရွက်ပေးခြင်း ORT Corner (Oral Rehydration Treatment Corner)  Community Clinic (ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှောရောဂါကု ပြည်သူအ‌ခြေပြု ဆေးပေးခန်း) ဖွင့်လှစ်၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောလူနာသစ် လျော့ကျစေရေးလုပ်ငန်းများ  အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၈ နာရီမှစတင်ကာ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇင်နွယ်ဝင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်လင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ၊ volunteer များပူးပေါင်း၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ လူနာနေအိမ်များသို့ ကွင်းဆင်းခြင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၁) ရပ်ကွက် ဓမ္မာရုံတွင် ORT Corner (Oral Rehydration Treatment Corner)  Community Clinic (ပြင်းထန် ဝမ်းပျက်ဝမ်းလျောရောဂါကု ပြည်သူအ‌ခြေပြုဆေးပေးခန်း) ဖွင့်လှစ်၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျောလူနာသစ် လျော့ကျစေရေးလုပ်ငန်းများဖြစ်သော ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး‌ဟောပြောပေးခြင်း၊ သောက်သုံးရေလှောင်ကန်များတွင် ကလိုရင်းဆေးခတ်ပေးခြင်း၊‌ ရောဂါကုသပေးခြင်း၊ ကျန်းမာ‌ရေးအထောက်အကူပြုပစ္စည်းများ ဖြန့်ဝေပေးခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ကြသည်။

မြို့နယ်ကျန်းမာရေးဦးစီးဌာနသည် တာဝန်ရှိသူများဦးဆောင်ကာ ဒေသခံပြည်သူများ၊ လူမှုကူညီ‌ရေးအသင်းအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ပညာရေးဌာန၊ မြို့နယ်ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ မြို့နယ်နေပြည်သူများ ကျန်းမာသုခပြည့်ဝစေရေး အရှိန်အဟုန်မြှင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေမျိုးအောင်